ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုးနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးမှုများဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၃
    
 ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်း၊ ကွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌  ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ ၂ ရက်နှင့် ယနေ့တို့တွင် ကလောမြို့၊ အောင်ပန်းမြို့၊ ဘောလခဲမြို့၊ လွိုင်ကော်မြို့၊ သထုံမြို့၊ ကျိုက်ထိုမြို့၊ ကြာအင်းဆိပ်ကြီးမြို့၊ လှိုင်းဘွဲမြို့၊ ကော့သောင်းမြို့၊ ဒဂုံမြို့နယ်၊ ဗိုလ်တထောင်မြို့နယ်၊ တောင်ကုတ်မြို့၊ တောင်ငူမြို့၊ ညောင်လေးပင်မြို့၊ ဝေါမြို့၊ ရွှေကျင်မြို့၊ ဆင်တဲမြို့၊ ပန်းတောင်းမြို့နှင့် ဥသျှစ်ပင်မြို့များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်စုစုပေါင်း ၂၀ ကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ဘာသာရေးကျောင်း ၄ ကျောင်းသို့  COVID - 19  ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုပစ္စည်း များစားသောက်ဖွယ်ရာများကိုလည်းကောင်း၊ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်စာသင်တိုက် စုစုပေါင်း ၂ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား နေ့ဆွမ်း များကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန် ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။
    
ထို့ပြင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အဖွဲ့ဝင်များက တောင်ငူမြို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များရှိ ဦးစီးပဓါန နာယက ဆရာတော်ကြီးများ၊ ဘာသာရေးကျောင်းများမှ တာဝန်ရှိသူများထံသို့ သွားရောက်၍ သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်တာဝန်အား တပ်မတော်မှ တာဝန်ယူဆောင်ရွက် လျက်ရှိမှု အခြေအနေများကို တင်ပြလျှောက်ထားပြီး ဆရာတော်ကြီးများ၏ သြဝါဒအား နာယူမှတ်သားခဲ့ကြသည်။
    
၎င်းအပြင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေပြည်စိုးကျေးရွာ၊ ဆုတောင်းပြည့်ကျောင်းတိုက်ရှိ သံဃာတော်များအား တပ်မတော်မှ ဆေးအဖွဲ့များက  လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။