နေပြည်တော် ဖေဖော်ဝါရီ ၁ဝ
ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေး အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ် အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်းနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့၊ ရန်ကုန်တိုင်း ဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့် မှော်ဘီမြို့နယ်၊ ဧရာဝတီတိုင်း ဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက် စုစုပေါင်းငါးကျောင်းသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်နှင့်မှော်ဘီမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့၊ မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ပြည်ကြီးတံခွန်မြို့နယ်၊ အမရပူရမြို့နယ်နှင့် ပုသိမ်ကြီးမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့်သီလရှင်စာသင်တိုက် စုစုပေါင်း ၄၃ ကျောင်းရှိ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ် လှူဒါန်းကြသည်။
၎င်းအပြင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နှင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၊ ကေတုမတီမြို့သစ်တို့၌ တပ်မတော်မှ ဆေးအဖွဲ့များက ဆရာတော် သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။