ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် နေ့ဆွမ်းများဆက်ကပ်လှူဒါန်း

နေပြည်တော် ဖေဖော်ဝါရီ  ၁၃

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ နွယ်ဝင်သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်း အဆင်ပြေစေရေး အတွက် တပ်မတော်(ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက   တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်းနှင့်  နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကို  ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့်    ဒလမြို့နယ်တို့ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်စုစုပေါင်း လေးကျောင်းသို့ ဆွမ်းဆန်တော်၊ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများကိုလည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်မြို့နယ်၊ ကရင်ပြည်နယ်၊ ဖာပွန်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊  ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံ မြို့နယ်၊ ချမ်းမြသာစည်မြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ အမရပူရမြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်စာသင်တိုက် စုစုပေါင်း ၃၁ ကျောင်းရှိ သံဃာတော်များနှင့် သာသနာ နွယ်ဝင် သီလရှင်များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

(၁၀၀)