ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများ၊ နေ့ဆွမ်းများဆက်ကပ် လှူဒါန်းခြင်း နှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်၊ မေ - ၅

ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင် ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ် အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင် မြို့နှင့် ကျေးသီးမြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့ နယ်နှင့် မှော်ဘီမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တို့ရှိ ကျောင်းတိုက်များမှ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင်သီလရှင် များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ Covid-19 ရောဂါ ကာကွယ်ရေး အထောက် အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကိုလည်းကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကျောင်းတိုက်များမှ သံဃာတော်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ နိဂြောဓါရုံ ညောင်ပင်သာကျောင်း တိုက်ရှိ သံဃာတော်များအား အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေး အဖွဲ့က လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။