ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်း ဆန်တော် ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်း

နေပြည်တော်၊ ဇွန် - ၂၃

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာ သနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ် လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူကျေးရွာရှိ သဲဖြူကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့ရှိ ရွှေရောင်ပြပရိယတ္တိစာသင်တိုက်တို့မှ သံဃာတော်များနှင့် သာသနာ့ နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ Covid-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ရှိ နန်းဦးကျောင်းတိုက်နှင့် မော်လမြိုင်ရိပ်သာကျောင်းတိုက်တို့မှ သံဃာတော်များအားနေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။