ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular  Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော် သို့  ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

 

ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular  Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော် သို့  ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ - ၂၅
    
နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများကို Modular  Trailer ဖြင့် ဆီမီးခုံဆိပ်ကမ်းမှ တည်ထားကိုးကွယ်မည့် နေပြည်တော်ကောင်စီနယ်မြေသို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာကို ယနေ့မွန်းလွဲပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာအနီး၌ ကျင်းပပြုလုပ်သည်။
    
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေ မြို့နယ်၊ အဝေရာရာမ ရန်ကင်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ပါဋိပါရဂူ ဘဒ္ဒန္တ သြဒါတ သီရိဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့်  ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
    
ဦးစွာ အဝေရာ ရာမရန်ကင်းကျောင်းတိုက် ဆရာတော်ကြီး အမှူးပြုသော သံဃာ တော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသည့် ပရိတ်တရားတော်များကို တက်ရောက်လာကြသူ များက နာယူကြည်ညိုကြသည်။
    
ဆက်လက်၍ ပထမဦးဆုံးထွက်ခွာမည့် ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော် အစိတ်အပိုင်းများအား သြဝါဒါစရိယ ဆရာတော်ကြီးများ၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တပ်မတော်အရာရှိကြီးများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။
    
ထို့နောက် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအား ပင့်ဆောင်ရန်အတွက် လုံခြုံရေးအဖွဲ့ဝင် များနှင့် ယာဉ်မောင်းများ နေရာယူခြင်း၊ ဥပါသကာများနှင့် ဝတ်အသင်းများနေရာယူခြင်းတို့ကို  အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ကြပြီး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်လောင်းလျာပင်မကျောက်တော်ကြီးမှ အပိုင်း(၂)အရံ ၂ တုံးနှင့် အပိုင်း(၃)အရံ ၃ တုံး၊ စုစုပေါင်း ၅ တုံး တင်ဆောင်ထားသည့် Modular  Trailer များသည် မင်္ဂလာအချိန် တွင် စတင်ပင့်ဆောင်ထွက်ခွာတော်မူကြရာ အဝေရာရာမရန်ကင်းကျောင်းတိုက်ဆရာတော် ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်း တို့က ဧည့်ပရိတ်သတ်အပေါင်းတို့က လက်ဆယ်ဖြာ ဦးထိပ်ထား၍ ကြည်ညိုကြသည်။
    
ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား အောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။
    
အဆိုပါ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ပူဇော်မည့် စကျင်ကျောက်တော်ကြီးကို Angelo   Mining    Company  မှ ဦးအောင်ခိုင်သန်း မိသားစုတို့က ခရစ်နှစ် ၂၀၁၃ ခုနှစ်တွင် Shwe  Foundation သို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ Shwe  Foundation ၏ မေတ္တာရပ်ခံချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ခုနှစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမ တို့က သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော် ဘုရားကြီးနှင့် ပါမောက္ခချုပ် ဆရာတော်ကြီးတို့၏ သြဝါဒများနှင့်အညီ ခေတ်မီနည်းစနစ်များ ဖြင့် ထုဆစ်ပူဇော်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ထုဆစ် ပုံဖော်ပူဇော်သွားရန်အတွက် မတ္တရာမြို့နယ်၊ စကျင်တောင်မှ မြောင်မြစ်အတိုင်း၊ ယင်းမှတစ်ဆင့်  ဧရာဝတီမြစ်ကြောင်းအတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်းသို့ ပထမအဆင့် ပင့်ဆောင် ပူဇော်နိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ယခုရာသီဥတု ကောင်းမွန်သာယာပြီး သင့်လျော်ကောင်းမြတ် သည့် မင်္ဂလာအချိန်ကာလတွင် မြင်းခြံမြို့နယ် ဆီမီးခုံမှ တံတားဦးအဝိုင်း၊ ယင်းမှတစ်ဆင့် မန္တလေး-ရန်ကုန် အမြန်လမ်းအတိုင်း ရာဇဌာနီခေါ် မင်းနေပြည်တော်သို့ ဆက်လက်ပင့် ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။