ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအား ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

 

ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအား ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ ဇန်နဝါရီ - ၃၀

နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular  Trailer  များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်ကောင်စီနယ်မြေသို့ ဇန်နဝါရီ ၂၅ ရက်တွင် စတင်ပင့်ဆောင်ပူဇော်ခဲ့ပြီး ရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မည့်

မင်္ဂလာနေရာသို့ ဇန်နဝါရီ ၂၉ ရက်ညပိုင်းတွင် ရောက်ရှိခဲ့သည်။

အဆိုပါ ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအား ကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ်ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဘဒ္ဒန္တ ဝိမလဗုဒ္ဓိပါဠိဆရာတော်ကြီး အမှူးပြုသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး  စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ပါဠိဆရာတော်ကြီးအမှူးပြုသော သံဃာတော်အရှင်သူမြတ်တို့က မေတ္တာပို့ဂါထာတော်များကို ရွတ်ဆိုပူဇော်၍မေတ္တာပြုတော်မူသည်။ ထို့နောက် ဘုရားဒါယကာ၊ ဒါယိကာမများနှင့် ဧည့်ပရိသတ်အပေါင်းတို့က ရတနတ္တယ ပူဇာဂါထာ၊ ဘုရားဂုဏ်တော် ၉ ပါး၊ ပဋ္ဌာန်းပစ္စ ယုဒ္ဒေသပါဠိတော်နှင့် မေတ္တာပို့လင်္ကာများကို သံပြိုင်ညီညာစွာ ရွတ်ဆိုပူဇော်ကြသည်။

ဆက်လက်ပြီး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအား ဩဝါဒါစရိယ ပါဠိဆရာတော်ကြီး ဦးဆောင်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အမှူးပြုသော ဘုရားဒါယကာများက အမွှေး နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြပြီး ဇယမင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို အပူဇော်ခံ မည့်နေရာသို့ ဆက်လက်ပင့်ဆောင်တော်မူကြသည်။

ယင်းနောက် ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ရုပ်သိမ်းခဲ့ရာ ဝတ်အသင်းများက အရပ်ဆယ်မျက်နှာ မေတ္တာပို့လင်္ကာများဖြင့် မေတ္တာ ဘာ၀နာပွားများပူဇော်ခဲ့ကြပြီး အခမ်းအနားအောင်မြင်ပြီးမြောက်ခြင်း အထိမ်းအမှတ်အဖြစ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးကြသည်။

 အခမ်းအနားအပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်  ရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular  Trailer များဖြင့် ပင့်ဆောင်၍ ယာယီနေရာချထားရန်ဆောင်ရွက်နေသည့်အခြေအနေများ၊  ပလ္လင်တော်အောက်ခြေပိုင်စိုက်ဖောင်ဒေးရှင်း ဆောင်ရွက်ထားရှိသည့်အခြေအနေများ၊ ဘုရားပရိဝုဏ်အတွင်း သာသနိကအဆောက်အဦများဆောက်လုပ်ရန်နှင့် ဥယျာဉ်တော် အတွင်းသာယာလှပရေးလုပ်ငန်းများဆောင်ရွက်ရန် ပြင်ဆင်ထားရှိသည့် အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးကာ လိုအပ်သည်မှာ မှာကြားခဲ့သည်။

အဆိုပါ ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ပူဇော်မည့် စကျင်ကျောက်တော်ကြီးကို Angelo   Mining    Company မှ ဦးအောင်ခိုင်သန်း မိသားစုတို့က ခရစ်နှစ် ၂၀၁၃ ခုနှစ်တွင် Shwe  Foundation သို့ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ Shwe  Foundation ၏ မေတ္တာရပ်ခံချက်အရ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် ခုနစ်ရက်သားသမီး ဘုရားဒါယကာ၊ ဒါယိကာမတို့က သီတဂူဆရာတော်ဘုရားကြီး၊ ရွှေသုဝဏ်ဆရာတော် ဘုရားကြီးနှင့် ပါမောက္ခချုပ် ဆရာတော်ဘုရားကြီးတို့၏ ဩဝါဒများနှင့်အညီ ခေတ်မီနည်းစနစ်များဖြင့် ထုဆစ်ပူဇော်နိုင်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးကို ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဗုဒ္ဓဥယျာဉ်တော်အတွင်း ထုဆစ်ပုံဖော်ပူဇော်သွားရန်အတွက် မတ္တရာမြို့နယ်၊ စကျင် တောင်မှ မြောင်မြစ်အတိုင်း၊ ယင်းမှတစ်ဆင့်  ဧရာ၀တီမြစ်ကြောင်းအတိုင်း မြင်းခြံမြို့နယ်ရှိ ဆီမီးခုံဆိပ်ကမ်းသို့ ပထမအဆင့် ပင့်ဆောင်ပူဇော်ခဲ့ကြောင်း၊ ထိုမှတဆင့် ယခုလ ၂၅ ရက်တွင် မြင်းခြံမြို့နယ် ဆီမီးခုံမှ တံတားဦးအဝိုင်း၊ ယင်းမှတစ်ဆင့် မန္တလေး-ရန်ကုန် အမြန် လမ်းအတိုင်း နေပြည်တော်သို့ ဆက်လက်ပင့်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုပ်ပွားတော်မြတ်ကြီးကို ထုဆစ်ပူဇော်ရာတွင်လည်း မြတ်စွာဘုရားရှင်၏ သုံးဆယ့်နှစ်ပါးသော လက္ခဏာတော်ကြီး၊ ရှစ်ဆယ်သော လက္ခဏာတော်ငယ်တို့နှင့် သင့်လျော်ညီညွတ်သော ဘူမိဖဿမုဒြာဟန်ဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ပြီး ပလ္လင်တော်အမြင့် ၁၈ ပေ၊ ဉာဏ်တော်အမြင့် ၆၃ ပေ၊ စုစုပေါင်း ၈၁ ပေအမြင့်ရှိမည်ဖြစ်ကြောင်း၊ တည်ထားကိုးကွယ် မည့် ဥယျာဉ်တော်အတွင်း၌ ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာပြည်သူများ အဆင်ပြေစေရေး အတွက် ဂန္ဓကုဋိတိုက်များ၊ သုဓမ္မာဇရပ်၊ ဘုတ်တလုတ်ရေကန်၊ ရေပန်းများ ထည့်သွင်း တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဂန္ဓကုဋိတိုက်အတွင်း၌လည်း ဗုဒ္ဓယဉ်ကျေးမှုများ၊ ဗုဒ္ဓဝင်များကို စကျင်ကျောက်များဖြင့် ထုဆစ်ပူဇော်သွားမည်ဖြစ်ကြောင်းနှင့် ဆီမီးခုံ ဆိပ်ကမ်းတွင် ကျန်ရှိသည့် ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို ဆက်လက် ပင့်ဆောင်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။