ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော် အပိုင်း(၁)အား ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထားပူဇော်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်သို့ ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကျေးရွာအနီး၌ ကျင်းပပြုလုပ်သည်။

  အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ဓမိ္မကာ ရာမ ကျောင်းတိုက်၊ ရတနာပုံကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဏိတ ဘဒ္ဒန္တသီဟနာဒ နှင့် ငါန်းဇွန်းမြို့နယ်၊ သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တမာဏိတတို့ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးညွန့်ဖေ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမောင်ကို၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြည်ညိုကြသည်။

  ဦးစွာ ရတနာပုံကျောင်းဆရာတော် အမှူးပြုသော ဆရာတော်၊ သံဃာတော်များက မေတ္တာပို့ ဂါထာတော်များဖြင့် ရွတ်ပွားချီးမြှင့်တော်မူကြ သည်။

  ထို့နောက် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ရတနာပုံကျောင်း ဆရာတော်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင် များက ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းပူဇော်ကြသည်။

  ယင်းနောက် ဘူမိဖဿမုဒြာ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော်အပိုင်း(၁)အား ပင့်ဆောင်ရန်အတွက် ဉပါသကာ များနှင့် ဝတ်အသင်းများ နေရာယူခြင်းတို့ကို အစီအစဉ်အတိုင်း ဆက်လက် ဆောင်ရွက်ကြပြီး ဘူမိဖဿမုဒြာထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော် မြတ်ကြီးမှ တန်ချိန်(၁၀၉၀)တန်ရှိ ရုပ်ပွားတော် ကျောက်တုံးတော်ကြီး အပိုင်း(၁)နှင့် ၎င်းကျောက်တုံးတော်ကြီးအား သယ်ပိုးထမ်းဆောင်ထားသော သံမဏိ သံငြမ်းစင်(၆၂)တန်၊ စုစုပေါင်း တန်ချိန် (၁၁၅၂)တန်ကို တင်ဆောင် ထားသည့် Modular Trailerများသည် မင်္ဂလာအချိန်တွင် နေပြည်တော်သို့ စတင် ပင့်ဆောင် ပူဇော်တော်မူသည်ကို ရတနာပုံကျောင်းဆရာတော်၊ နိုင်ငံတော် စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် ဧည့်ပရိတ်သတ် အပေါင်းတို့က လက်ဆယ်ဖြာ ဦးထိပ်ထား၍ ကြည်ညိုကြသည်။

  ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြ သည်။

  အဆိုပါ ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဖြစ် ထုဆစ်ပူဇော်မည့် ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများ စုစုပေါင်း ၁၆ ပိုင်းကို ဆီမီးခုံဆိပ်ကမ်းမှ နေပြည်တော်သို့ ၇ ခေါက်ခွဲ၍ ပင့်ဆောင်ရမည်ဖြစ်ပြီး ယခုအကြိမ်သည် ဆဋ္ဌမအကြိမ်မြောက် ပင့်ဆောင်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

  အခမ်းအနားအပြီးတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အခမ်းအနားသို့ တက်ရောက်လာကြသည့် Angelo Mining Company မှ စကျင်ကျောက်တော်ကြီး အလှူရှင် ဦးအောင်ခိုင်သန်း၊ မန္တလေးမြို့သာ စက်မှုဇုန်စီမံကိန်း ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်နှင့် တာဝန်ရှိသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံ၍ ဒေသခံ ပြည်သူလူထုတို့၏ လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် စက်ရုံ၊ အလုပ်ရုံများ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရေး၊ ဧရာဝတီမြစ်ရေကို အကျိုးရှိစွာ အသုံးပြုနိုင်ရေးတို့နှင့် ပတ်သက်၍ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

  ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မကွေးမြို့ရှိ မကွေးမြို့ ကျက်သရေဆောင် မကွေး မြသလွန်ဘုရားသို့ သွားရောက်ဖူးမြော် ကြည်ညိုကြရာ ဂေါပက အဖွဲ့ဝင် များက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် မြသလွန်စေတီတော်မြတ်ကြီးအား ဖူးမြော် ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ပြီး စေတီတော် ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပကအဖွဲ့က လက်ခံရယူခဲ့ကြသည်။

  ဆက်လက်ပြီး ညနေပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ မန်းရွှေစက်တော်ဘုရား၊ ပါဒစေတီတော်၊ အောက်ခြေတော် ရာမြတ် အား သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်းနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။ ထို့နောက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ဓမ္မလက်ဆောင်များ ပြန်လည်ပေးအပ်သည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် မန်းရွှေစက်တော်ဘုရား၊ ပါဒစေတီတော်၊ အောက်ခြေတော်ရာမြတ်အား လာရောက်ဖူးမြော်ကြည်ညိုနေကြသည့် ဘုရားဖူးပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြသည်။ ထို့နောက် အထက်စက်တော်ရာသို့ ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ တက်ရောက်ဖူးမြော်နိုင်ရေး ဓာတ်လှေကား တည်ဆောက်နေမှု အခြေအနေများအား ယခုနှစ် ဘုရားပွဲတော်အမီ ပြီးစီးအောင် တည်ဆောက်နိုင်ရေးနှင့် ဘုရားပရဝုဏ် သန့်ရှင်းသာယာလှပမှု ရှိစေရေး တို့နှင့် ပတ်သက်၍ ဂေါပကအဖွဲ့နှင့် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

  အဆိုပါ  မန်းရွှေစက်တော်ဘုရား၊ ပါဒစေတီတော်၊ အောက်ခြေတော်ရာမြတ်အား သဘာဝဘေးအန္တရာယ် ဒဏ်ခံနိုင်ရန်၊ ရေရှည်တည်တံ့ ခိုင်မြဲစေရန်နှင့် ဘုရားဖူးလာပြည်သူများ ရာသီမရွေး လာရောက် ဖူးမြောက်နိုင်ရန်အတွက် ၂၀၁၄ ခုနှစ် ၊ ဇူလိုင်လ ၁၀ ရက်နေ့တွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကြီးမှူး၍ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက အမြင့် ၅ ပေ၊ အထူ ၃ လက်မ၊ အလေးချိန် ၃ တန်ရှိ အလင်းပေါက် ဖန်အုပ်ဆောင်းကို လှူဒါန်းပူဇော်ခဲ့ကြခြင်း ဖြစ်ကြောင်းနှင့် တာဝန်ရှိသူများက ဆက်လက်ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြကြောင်း သတင်း ရရှိသည်။