မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ ဆူပူအကြမ်းဖက်သူများအား လူစုခွဲ ရှင်းလင်း

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ မေလ ၈ ရက်နေ့တွင် ဆူပူအကြမ်း ဖက်သူများအား လူစုခွဲ ရှင်းလင်းခဲ့ပြီး ဆူပူအကြမ်းဖက်သူအမျိုးသား ၇ ဦးအား အကြမ်းဖက်မှုတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသဖြင့် အရေးယူထားရှိကြောင်း  သိရသည်။

ဖြစ်စဉ်မှာ မေလ ၈ ရက် မွန်းလွဲ ၁ နာရီ အချိန်တွင် နတ်မောက်မြို့နယ်၊ သားမျှား ကျေးရွာနေ ဆယ်အိမ်မှူး ဦးမောင်မောင်အား အဆိုပါကျေးရွာနေ NLD  ပါတီဝင်များက ဖမ်းဆီးထားကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ အခြေအနေအား ထိန်းသိမ်းနိုင်ရေး သွားရောက်ခဲ့ရာ ကျေးရွာအဝင်လမ်းအား ဆူပူအကြမ်းဖက်သူ အင်အား ၁ဝဝ ဦးခန့်က အတားအဆီးများဖြင့် ပိတ်ဆို့ထားပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအား    လေးခွများဖြင့် ဝိုင်းဝန်းပစ်ခတ် တားဆီးခဲ့သဖြင့် အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ် လူစုခွဲခဲ့ရသည်။

ထို့နောက်  သားမျှားကျေးရွာ  ရွာဦး ဘုန်းကြီးကျောင်းရှေ့ လမ်းမပေါ်အရောက်  အဆိုပါအကြမ်းဖက်သူ အင်အား ၁ဝဝ ဦးခန့်က  လုံခြုံရေး တပ်ဖွဲ့ဝင်များအား ထပ်မံပိတ်ဆို့၍  လေးခွများဖြင့် ထပ်မံပစ်ခတ်ခဲ့သဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ပြီး ဆူပူအကြမ်းဖက်သူ လူအုပ်စုအတွင်းမှ အဆိုပါ ကျေးရွာနေ ညွန့်ဝေ(၅ဝ)နှစ် (ဘ)ဦးကျော်သန်းပါ  အမျိုးသား  ၇ ဦးကို  လေးခွ၊ လောက်စာလုံး၊  ခက်ရင်းခွ၊  ဓားများဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ဆယ်အိမ်မှူး ဦးမောင်မောင်အား   အဆိုပါကျေးရွာရှိ အောင်ချမ်းသာဘုန်းကြီးကျောင်း   ဆရာတော်မှ ခေါ်ဆောင်ထားကြောင်း  သိရှိရသည်။

အဆိုပါ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ ညွန့်ဝေပါ အမျိုးသား ၇ ဦး အား  ဥပဒေနှင့်အညီ  အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း     သတင်းရရှိသည်။