မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ သက်သာပန်းတောင်းကျေးရွာရှိ စကြာပန်းတောင်းစေတီတော်မြတ်ကြီး၊ မဟာဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတုစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပ
နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ လယ်ကိုင်းကျေးရွာအုပ်စု၊ သက်သာ ပန်းတောင်းကျေးရွာ၊ ရွာဦးဘုန်းတော်ကြီးကျောင်းတိုက် ဝတ္ထုကံတော်အတွင်းရှိ စကြာပန်းတောင်းစေတီတော် မဟာဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတုစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်ဩဝါဒါစရိယ၊ စလင်းဆရာတော်ကြီး အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ကေတု အမှူးပြုသည့် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဇနီးဒေါ်ကြူကြူလှနှင့် မိသားစုဝင် များ၊ ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့်ဇနီး၊ ပြည်ထောင်စု ဝန်ကြီးများဖြစ်ကြသည့် ဦးကိုကို၊ ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဦးခင်မောင်ရီ၊ ဦးအောင်သန်းဦး၊ ဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာ ကံဇော်နှင့်ဇနီး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦး နှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ စေတနာရှင်အလှူရှင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဝတ်အသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဇနီးနှင့် အခမ်းအနားတက်ရောက်လာကြသူများက မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ စလင်းမြို့ မဟာ ဝိသုတာရာမစိန်ပန်းကျောင်းတိုက် ပဓာနနာယက မဟာဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မ ကထိက ဗဟုဇနဟိတဓရ ဘဒ္ဒန္တ ကုမာရ ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာ တော်များထံ ဆက်ကပ်သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွား ချီးမြှင့်တော်မူကြသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် ဥပါသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲ များကို ယူဆောင်၍ စေတီတော် ပရိဝုဏ်တော်တွင် ပက်ဖျန်းကြဲဖြန့်ချည်နှောင် တားဆီးကာရံ ကြသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီးနှင့် မိသားစုဝင်များက ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်နှင့် လှူဖွယ်ပစ္စည်းများအား နိုင်ငံတော်ဩဝါဒါစရိယ၊ စလင်းဆရာတော်ကြီးထံ ဆက်ကပ် လှူဒါန်းကြသည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ တွဲဖက် အတွင်းရေးမှူးနှင့် ပြည်ထောင်စုဝန်ကြီးများက လှူဖွယ်ပစ္စည်းများအား သံဃာတော် အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် စလင်းမြို့၊ မဟာဝိသုတာရာမကျောင်းတိုက်ပဓာနနာယက ဆရာတော် ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေ ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီး၊ မိသားစုဝင်များနှင့် အဖွဲ့ဝင်များသည် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား ပင့်ဆောင်၍ စေတီတော်မြတ်အား လက်ယာရစ် လှည့်လည်ပင့်ဆောင် ပူဇော် ကြသည်။ ထို့နောက် မင်္ဂလာအချိန်တွင် ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တို့အား မင်္ဂလာရထားပျံဖြင့် စေတီတော်အထွတ်သို့ ပင့်ဆောင်၍ တင်လှူပူဇော်ကြပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းကြကာ ရတနာ စိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူ ပူဇော်အောင်မြင်ခြင်း အထိမ်းအမှတ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးကြသည်။
ဆက်လက်ပြီး သံဃာတော်အရှင်သူမြတ်များက စကြာပန်းတောင်းစေတီတော် မြတ်အား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိတ်သွန်းတော်မူကြပြီး ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ မဟာမင်္ဂလာ အခမ်းအနားကို ရုပ်သိမ်း ခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ် နှင့်ဇနီးတို့က စေတီတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား မြသပိတ်ဆွမ်းတော်၊ ခဲဘွယ်၊ ပန်း၊ ရေချမ်းနှင့် သစ်သီးတို့ကို ကပ်လှူပူဇော်ကြပြီး စေတီတော်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်သည်။ ယင်းနောက် စေတီတော်ပရိဝုဏ်တော်အတွင်းရှိ ဘုရားလောင်းဖြစ်တော်စဉ်ပေါင်းကို ထွင်းထုပူဇော်ထားသည့် ကျောက်စာချပ်နှင့် မင်္ဂလာမော်ကွန်းကျောက်စာတော်အား ပရိတ်နံ့သာရည်များဖြင့် ပက်ဖျန်းဖွင့်လှစ်ပြီး ခေါင်းလောင်းတော် ကိုးချက်ထိုးခတ်ပူဇော်၍ မေတ္တာပြုသည်။ ယင်းနောက် စေတီ တော်ပရိဝုဏ်အတွင်း၌ ပရိဘောဂစေတီတော်မြတ်ဖြစ်သည့် မဟာဗောဓိပင်ပျို ကို စိုက်ပျိုးပူဇော်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားတက်ရောက်လာကြသူများသည် ဆရာတော်၊ သံဃာ တော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြကာ တက်ရောက်လာကြသည့် ဧည့်သည် တော်များအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြသည်။
အဆိုပါ စကြာပန်းတောင်းစေတီတော်မြတ်ကြီးကို ၂၀၀၄ ခုနှစ်၊ဖေဖော်ဝါရီလ ၂၂ ရက်တွင် ပွင့်ဖြူမြို့နယ်၊ မုရိုးကုန်းကျေးရွာမှ ဦးစိုးမင်း မိသားစုက စတင်တည်ထား ကိုးကွယ်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၁၇ ရက်နေ့တွင် တည်ထား ပြီးစီးခဲ့ ကြောင်းနှင့် ဉာဏ်တော်(၉)တောင် အမြင့်ဆောင်ခဲ့ကြောင်း၊ မူလအစပထမ ရုံလေးရုံ ဘုရားများဖြစ်သည့် ကုက္ကုဋာရုံ(အုတ်ဖိုဘုရား)၊ ဃောသိဏာရုံ(ရွာခိုင်ဘုရား)၊ ပါဝါရုံ (ရွှေပန်းမြိုင်ဘုရား)၊ ဂန္ဓာရုံ(ကျောင်းတော်ရာဘုရား)တို့ အတွင်းတွင်တည်ရှိပြီး ကြီးလေးကြီး ဖြစ်သည့် ရွာသာကြီးကျေးရွာ၊ လှည်းကြီးကျေးရွာ၊ ကံသာကြီးကျေးရွာ၊ မုန်တောကြီးကျေးရွာတို့၏ အလယ်တွင် တည်ရှိကြောင်း၊ စကြာပန်းတောင်း စေတီတော် မြတ်နှင့် ပတ်သက်၍ လယ်ကိုင်းကျေးရွာအုပ်စု၊ နိဗ္ဗာန်တောင်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိသုတ္တမှ ကြီးလေးကြီးအလယ်မှာ “ကြက်ပျံမကျ စည်ကားကြ၊ ပြည်ကြီး အေးချမ်းသာယာမည်”ဟု တဘောင် မိန့်ဆိုခဲ့ကြောင်း၊ စကြာပန်းတောင်း စေတီတော် မြတ်ကြီးအား ဗုဒ္ဓသာသနာတော်ကြီး စည်ပင်ပြန့်ပွားအကျိုးများစေရန် ရည်ရွယ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ဇနီး၊ မိသားစုဝင် များ၊ စေတနာရှင်၊ အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် မူလဉာဏ်တော် ၉ တောင် ရှိသော စေတီတော်ကို ထပ်မံငုံ၍ ဉာဏ်တော် ၄၅ ပေအမြင့်ဖြင့် ဉာဏ်တော်ကို တိုးမြှင့် တည်ထားပူဇော်ပြီး စကြာပန်းတောင်းစေတီတော်ဘွဲ့အမည်သစ် ဆက်ကပ်ခဲ့ခြင်း ဖြစ်ကြောင်းနှင့် ယနေ့တွင် မဟာဇေယျာဘုံရွှေထီးတော်၊ ဝဇီရကေတုစိန်ဖူးတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာမင်္ဂလာအခမ်းအနားကို အောင် မြင်စွာ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သည် အဖွဲ့ဝင်များလိုက်ပါ၍ လယ်ကိုင်းကျေးရွာသို့ရောက်ရှိကြပြီး ကျေးရွာရပ်မိ ရပ်ဖများနှင့် ကျေးရွာမိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံကာ ဒေသစီးပွားရေးအခြေအနေများနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးဆိုင်ရာများအား မေးမြန်းဆွေးနွေးသည်။
ထို့နောက် ရပ်မိရပ်ဖများက လုပ်သားရှားပါးသည့်အတွက် လယ်ယာသုံး စက်ကိရိယာ များအားအရစ်ကျစနစ်ဖြင့် ရောင်းချပေးရန်လိုအပ်မှု၊ ကျေးရွာအတွက် မီးသတ် ကား လိုအပ်မှုနှင့် အခြားဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအားတင်ပြကြရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လယ်ယာသုံးစက်ကိရိယာများအား အရစ်ကျစနစ် ဖြင့်ရောင်းချပေးနိုင်ရေး၊ ကျေးရွာအတွက်လိုအပ်သည့်မီးသတ်ကားကို နွေရာသီ မတိုင်မီ ရောက်ရှိရေး၊ ရွှေပြည်အေးဘုရား ပြန်လည်ပြုပြင်မွမ်းမံရေးနှင့် အခြားဒေသ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပေးနိုင်ရန်အတွက် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားသည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် က ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးရန်ပုံငွေကျပ်သိန်း ၅၀ ကို ရပ်မိရပ်ဖများထံပေးအပ်ပြီး ရပ်မိရပ်ဖများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ထံ ဒေသထွက်လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်သည်။ယင်းနောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်သည် ရပ်မိရပ်ဖများ၊ ကျေးရွာမိခင် နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် နှင့် အဖွဲ့ဝင်များသည် ပွင့်ဖြူမြို့နယ်ရှိ သာသနာဝင် မြန်မာပြည် ဗုဒ္ဓဂါယာ စန္ဓကူး နံ့သာ ကျောင်းတော်ရာစေတီတော်သို့ သွားရောက်ဖူးမြော်ကြည်ညိုပြီး ပန်း၊ ရေချမ်း၊ ဆီမီး ကပ်လှူပူဇော်သည်။ ယင်းနောက် စေတီတော်ကြီးအတွက် ဘက်စုံအလှူငွေများ ပေးအပ်လှူဒါန်းရာ ဂေါပက အဖွဲ့ဝင်များက လက်ခံရယူပြီး ဓမ္မလက်ဆောင် ပြန်လည် ပေးအပ်သည်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်၊ ဇနီးနှင့် အဖွဲ့ဝင်များသည် ဘုရားအကျိုးတော်ဆောင်ချုပ် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ဓမ္မာစာရ အားဖူးမြော်ကြည်ညိုပြီး သာသနာရေး ဆိုင်ရာများနှင့် ကျန်းမာရေးဆိုင်ရာများ မေးမြန်းလျှောက်ထားကာ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် စေတီတော်ကြီးအား လက်ယာရစ်လှည့်လည် ဖူးမြော်ကြည်ညိုပြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်သည်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သတင်းရရှိသည်။