နေပြည်တော်၊ မတ် ၂၈
၂၀၂၁ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ပွင့်ဖြူမြို့နယ်၊ ကုလားကုန်းကျေးရွာရှိ ဝဏ္ဏ(စိစစ်ဆဲ)ပိုင်ဆိုင်သော “နိုင်လင်း” ဆိုင်ကယ်ပြုပြင်ရေးဆိုင်တွင် လေသေနတ်၊ လက်လုပ်မိုင်းနှင့် ဂျင်ကလိများ ပြုလုပ်နေကြောင်း သတင်းအရ သွားရောက်စစ်ဆေးစဉ် အဆိုပါဆိုင်အနီးအရောက်၌ ဆူပူအကြမ်းဖက်သူ အင်အား ၁၅ ဦးခန့်မှ ဂျင်ကလိ၊ လောက်လေးခွများဖြင့် အကြောင်းမဲ့ရန်ပြုပစ်ခတ်ခဲ့သောကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးတွင် ဒဏ်ရာများရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတိပေးခြောက်လှန့် ပစ်ခတ်ခဲ့ရာ ဦးသန်းလှိုင်(၅၁)နှစ်၊ (ဘ)ဦးကြည်သာတွင် ထိခိုက်ဒဏ်ရာရရှိ သေဆုံးသွားခဲ့ပါသည်။
ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဆိုပါ ဆိုင်ကယ်ပြုပြင်ရေးဆိုင်သို့ ဝင်ရောက် ရှာဖွေရာ လေးခွ ၄ လက်၊ လက်လုပ်မိုင်း ၂ လုံး၊ ဂျင်ကလိ ၄ ချောင်း၊ ကုန်းသီး/လောက်စာလုံး ၂၁ လုံး တို့အား သိမ်းဆည်းရမိခဲ့ပြီး ဦးသန်းလှိုင် သေဆုံးမှုနှင့်ပက်သက်၍ သေမှုသေခင်းရေးဖွင့် စစ်ဆေးလျက်ရှိကြောင်းနှင့် ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုသည့်ပစ္စည်းများ သိုဝှက်သိမ်းဆည်း ထားသူများအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။