၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ နိုင်ငံတေ်အကြည်အညို ပျက်စေမည့်စာရွက်များ ဖြန့်ဝေနေသူအမျိုးသား ၁ ဦးအား ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီလ ၁၉ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မကွေးမြို့ပေါ်ရှိ အများ ပြည်သူသွားလာလှုပ်ရှားနေသည့် လမ်းမကြီးများပေါ်တွင် နိုင်ငံတော်အကြည်အညိုပျက်စေမည့် စာရွက်စာတမ်းများ ဖြန့်ဝေနေကြောင်း သတင်းအရ စောင့်ဆိုင်းခဲ့ရာ နံနက် ၆ နာရီအချိန်တွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းလမ်းနှင့် သစ္စာလမ်းထောင့်၌ နိုင်ငံတော်အကြည်အညို ပျက်စေမည့် စာသားများပါ စာရွက်များအား လမ်းဘေးဓာတ်တိုင်များ၊ အဆောက်အဦနံရံများတွင် လိုက်လံကပ်နေသူ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၁)ရပ်ကွက်နေ ဖြိုးသန့်စင်(ခ)အာဝု (၂၈)နှစ်၊ (ဘ)ဦးတင်ရီအား တွေ့ရှိရသဖြင့် ထိန်းသိမ်းခဲ့ပြီး ၎င်းငှားရမ်းနေထိုင်သည့် ကန်သာရပ်ကွက်၊ ဗံဒါပင်လမ်းရှိ ဘော်ဒါဆောင်သို့ ဝင်ရောက်စစ်ဆေးခဲ့ရာ ဖြိုးသန့်စင်(ခ)အာဝု၏ အခန်း အတွင်းမှ လက်ပ်တော့(စ်) ၁ လုံးနှင့် နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ စာရွက် ၃၀ ရွက်တို့အား သိမ်းဆည်းရမိခဲ့ပါသည်။
အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမကြီးပေါ်ရှိ ဓာတ်တိုင်များ၊ အဆောက်အဦနံရံ များတွင် နိုင်ငံတော်အကြည်အညိုပျက်စေမည့် စာရွက်စာတမ်းများ ကပ်ခြင်း၊ ဖြန့်ဝေခြင်းများ ဆောင်ရွက်နေသူ ဖြိုးသန့်စင်(ခ)အာဝုအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။