မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ သီလရှင်ဆရာကြီး ၁ ပါးအား အကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ သီလရှင်ဆရာကြီး ၁ ပါးအား အကြမ်းဖက်သမားများက သေနတ်ဖြင့် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ်

နေပြည်တော်၊ ဇန်နဝါရီ ၃၁

              နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်တည်ငြိမ်းအေးချမ်း ရေးပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုများဖြစ်ပေါ်စေရန် အကြမ်းဖက် ဖောက်ခွဲတိုက်ခိုက်မှုများ၊ လုပ်ကြံပစ်ခတ်သတ်ဖြတ်မှုများအား လုပ်ဆောင်လျက်ရှိပြီး ဗုဒ္ဓဘာသာ ဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ ရဟန်းသံဃာများ၊ သီလရှင်များအား သတ်ဖြတ် ခြင်းနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများအား သတ်ဖြတ်ခြင်းတို့အား စိတ်နှလုံး ညှိုးနွမ်းဖွယ်ရာ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

              ထိုသို့ အကြမ်းဖက်လုပ်ကြံသတ်ဖြတ်ခြင်းများအား ပြုလုပ်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဝက်ကျုံး ကျေးရွာ၌ သီလရှင်ဆရာကြီး ၁ ဦးအား အကြမ်းဖက်သမားများက သတ်ဖြတ်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ဝက်ကျုံးကျေးရွာရှိ သာသနာ့ ဇောတိကာရုံကျောင်းတိုက်(မြောက်)ကျောင်း၌ သီလရှင်ဆရာကြီး ဒေါ်နန္ဒသီရိ(ခ)ဒေါ်ထွေးကြည် (၅၇)နှစ် ၁၅ ဝါ(ဘ)ဦးပြေအေးသည် အဆိုပါ ဘုန်းတော်ကြီးကျောင်းဆောင်ဘေးရှိ အဖီတဲ အတွင်း၌ တစ်ပါးတည်းရှိနေစဉ် အကြမ်းဖက်သူ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးတို့သည် Mask များတပ်ဆင်လျက် ဆိုင်ကယ် ၂ စီးဖြင့် ကျောင်းရှေ့သို့ ရောက်ရှိလာကာ ဆိုင်ကယ်များ ရပ်တန့်၍ ၎င်းတို့အနက်မှ အမျိုးသား ၃ ဦးသည် ဘုန်းကြီးကျောင်း ခြံစည်းရိုးအုတ်တံတိုင်းအား ကျော်တက်ဝင်ရောက်လာပြီး သီလရှင်ဆရာကြီးအား ပစ္စတိုသေနတ်ဖြင့် ၂ ချက် ဝိုင်းဝန်းပစ်ခတ် သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

              ထိုကဲ့သို့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် သီလရှင်ဆရာကြီးမှာ နဖူးကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲမျက်ခုံးအထက်ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ရရှိကာ အခင်းဖြစ်နေရာရှိ ကုလားထိုင် ဘေးမြေကြီးပေါ်တွင် လဲကျသေဆုံးနေသည်ကို တွေ့ရှိရပြီး အခင်းဖြစ်နေရာအနီးမှ အကြမ်းဖက် သမားများ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ကျည်ခွံ နှင့် ၎င်းကျည်ဆံ တို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

                   ထိုကဲ့သို့ သာသနာအနွယ်ဝင် သီလရှင်ဆရာကြီးအား ရက်စက်စွာ လုပ်ကြံသတ်ဖြတ် ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး၍ တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိ သည်။