မကွေးမြို့နှင့်မိတ္ထီလာမြို့တို့ရှိ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးများအတွက် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ- ၁၉

 ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော် အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယနေ့နံနက်ပိုင်းနှင့် ညနေပိုင်းတို့တွင်  မကွေးမြို့နှင့် မိတ္ထီလာမြို့တို့ရှိ အထွေထွေ ရောဂါကု ပြည်သူ့ဆေးရုံကြီးများသို့ သွားရောက်၍ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ အထောက်အကူပြု ပစ္စည်းနှင့်အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်းသည်။

 ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သက်ဆိုင်ဆေးရုံ ခန်းမများ၌ COVID-19 ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ ပေးအပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ COVID-19 ရောဂါကာလအတွင်း ကျန်းမာရေး ဝန်ထမ်းများ အနေဖြင့်နေ့မအားညမနား လူနာများကို ကုသရခြင်း၊ မိမိကိုယ်ကိုလည်း COVID-19 ရောဂါပိုးကူးစက် မခံရအောင် ကာကွယ်ရခြင်းစသဖြင့် တာဝန်များကို ပင်ပင် ပန်းပန်း ထမ်းဆောင်နေရမှုအပေါ် ကိုယ်ချင်းစာနာစိတ်ဖြင့် ရောဂါကာကွယ်ရေး ပစ္စည်းများနှင့် အဟာရဖြည့်စွက် အစားအစာများကို တစ်ထောင့်တစ်နေရာမှ အထောက်အပံ့ရစေရန် လှူဒါန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က COVID-19 ရောဂါ  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထောက် အကူပြုပစ္စည်းများ ပေးအပ်ရာ မကွေးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်ဝင်းဝင်းဌေး ကလည်းကောင်း၊ မိတ္ထီလာပြည်သူ့ဆေးရုံအုပ်ကြီးဒေါက်တာ ညွန့်စိန် က လည်းကောင်း အသီးသီး လက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင် စကားများ ပြန်လည်ပြောကြားကြသည်။ ထို့ပြင် ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က မအားလပ်သည့် ဆေးရုံမှဝန်ထမ်းများနှင့် လူနာများ အတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ချက်ပြုတ် ကျွေးမွေးနိုင်ရန်အတွက် လှူဒါန်း ငွေများပေးအပ်ရာ တပ်နယ်မှူးများက လက်ခံရယူကြပြီး တပ်နယ်များမှ မိသားစုဝင်များဖြင့် ချက်ပြုတ်ကာ ဆေးရုံဝန်ထမ်းများနှင့် လူနာများလက်ဝယ်အရောက်  ဖြန့်ဝေလှူဒါန်းသွား မည်ဖြစ်ကြောင်း သိရှိရသည်။

 ယနေ့လှူဒါန်းမှု အနေဖြင့် မကွေးမြို့နှင့်မိတ္ထီလာပြည်သူ့ဆေးရုံများသို့ ဆေးရုံ တစ်ရုံလျင်  Personal Protective Equipment (PPE)   ဝတ်စုံ ၁၀၀ စုံ၊ Face Shield ၂၁၀ ခု၊ Goggles မျက်မှန် ၁၀ လက်၊ လက်အိတ် ၂၀၀၀ စုံ၊ တပ်မတော် စက်ရုံများ ကထုတ်လုပ်သော Mask ၄၂၀၀ခု၊ ပဒုမ္မာ ဆပ်ပြာမွှေး ၂၀၀ ခဲနှင့် ကြက်ဥ ၂၁၀၀လုံး၊နွားနို့ ၅၃ ပိဿာ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။