မကွေးမြို့ရှိ ဆားချောထုတ်လုပ်ငန်းများ ထုတ်လုပ်မှုလျော့ကျ

မကွေးမြို့ရှိ ဆားချောထုတ်လုပ်ငန်းများ ထုတ်လုပ်မှုလျော့ကျ

မကွေး၊ စီးပွားရေး

မကွေးမြို့ရှိ  ဆားကြမ်းမှ ဆားချောချက်ထုတ်လုပ်သည့် တစ်နိုင်တစ်ပိုင်မိသားစုလုပ်ငန်းများမှ မြို့တွင်းဈေးများသို့ နေ့စဉ်ဆားပိဿာချိန် ၂၅၀ ခန့် ထုတ်လုပ်ရောင်းချလျက်ရှိရာ   ယခုအခါ ပိဿာ ၁၀၀ ခန့် လျှော့ချထုတ်လုပ်နေရကြောင်း    အောင်မေတ္တာ(ဘူတာ)ရပ်ကွက်ရှိ  ဆားချက်လုပ်ငန်းမှသိရသည်။
အောက်ပြည်အောက်ရွာက မော်တော်တွေနဲ့ ဆားကြမ်းတွေလာရောင်းပါတယ်။ မြို့ပေါ်ကပွဲရုံတွေမှာလည်း   ဝယ်လို့ရတယ်။ ဆားအကြမ်းကိုချက်ပြီး ဆားချောပြန်ထုတ်တာပါ။  အရင်ကတော့ တစ်နေ့ကို ပိဿာ ၂၅၀ ကျော်ထုတ်တယ်။  အခုကာလမှာ ကျောင်းတွေကလည်းပိတ်ထား တယ်။ စားသောက်ဆိုင်တွေကလည်း ဆားသုံးစွဲမှုလျော့သွားတယ်။ တစ်ရက်ကို အချိန် ၁၅၀  ကျော်လောက်ပဲ  ချက်ဖြစ်တယ်။ 

ကျောင်းတွေပြန်ဖွင့်ရင်၊ အလှူ၊ မင်္ဂလာဆောင်တွေ  ပြန်လုပ်ကြရင်တော့ ပုံမှန်ပြန်ပြီး ထုတ်လုပ်နိုင်မှာပါ}}ဟု ဆားချောထုတ်လုပ်ငန်းလုပ်ကိုင်သူ ဒေါ်အေးဝေကပြောသည်။ဆားချက်သည့်လုပ်ငန်းတွင်   ဆားကုန်ကြမ်းဝယ်ယူခြင်း၊ ဆားအချိန်ပိဿာ ၅၀ကို ရာဝင်အိုးထဲထည့်ကာ ရေဖြည့်မွှေ၍ တစ်ညသိပ်ခြင်း၊ ကုန်ကြမ်းမှပါလာသည့် ဖုန်၊ သဲ၊ အမှိုက်များ အနည်ကျသွားပါက စဉ့်အိုးအောက်ခြေနှင့်တစ်မိုက်ခန့်အကွာမှ  ရေပိုက်ဖြင့်  ဆားကြမ်းရည်များကို စုပ်ယူကာ သန့်စင်သောဆားစိမ်ရည်များကို အခြားစဉ့်အိုးတွင် ပြောင်းထည့်ခြင်းများ စတင်လုပ်ဆောင်ရသည်။

မီးအားပြင်း၍  ဆားချိုးမကပ်စေရန် ပဲခွံလောင်စာအစိုနှင့်အခြောက်ကိုရော၍သုံးရကြောင်း၊ ဆားကန်အပေါ်တွင် ချိတ်ဆွဲထားသော   ကတော့ပုံဆားအိတ်ထဲသို့ ချက်ပြီး ဆားများကိုခပ်ထည့်ကာ ဆားချက်ကန်အပူဖြင့် ရေကိုစစ်ထုတ်ကြောင်း၊ ဆားကြမ်းပိဿာ ၅၀ ချက်လျှင် ဆားချော ၄၆ ပိဿာခန့်ပြန်ရပြီး  အိုင်အိုဒင်းထည့်၊ တံဆိပ်ကပ်ထုပ်ပိုးကာ တစ်ပိဿာ ငွေကျပ် ၈၀၀ ဈေးဖြင့် မြို့ပေါ်ရှိဈေးများကို ဖြန့်ချိကြောင်း ဇမ္ဗူထွန်း  ဆားချက်ဖိုပိုင်ရှင် ဦးခင်မောင်မြင့်ထံမှ သိရသည်။

(၄၀၂)