မင်းကင်းမြို့နယ်၊ ပန်းဆက်ကျေးရွာရှိ ရွာသူ၊ ရွာသားများအား ပတ်ဝန်းကျင် ကျေးရွာများမှ NLD ပါတီဝင် ဆူပူအကြမ်းဖက်သူများက ဝိုင်းဝန်းတိုက်ခိုက်

နေပြည်တော်၊ ဧပြီ - ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်အတွင်းရှိ မုတ္တာကျေးရွာ၊ သံပေါက် ကျေးရွာ၊ လောင်းပြည့်ကျေးရွာ၊ အိုးဘိုကျေးရွာ၊ ဘိုင်ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ကျောက်ခဲတက်ကျေးရွာ၊ တုံကျေးရွာ၊ ပိတ်ချင်းတောကျေးရွာနှင့် ကုန်းရင်ကျေးရွာ များမှ NLD ပါတီဝင် ဆူပူအကြမ်းဖက်သူ ၇၀၀ ဦးခန့်သည် အေပြီ ၅ ရက် နံနက် ၁၀ နာရီခန့်တွင် ပန်းဆက်ကျေးရွာရှိ ရွာသူ၊ ရွာသားများအား ဓာတ်ဆီပုလင်းများပစ်ပေါက်ခြင်း၊ တူမီးသေနတ်၊ တုတ်၊ ဓား၊ လေးခွများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများ လာရောက် ဆောင်ရွက်ခဲ့သဖြင့် ကျေးရွာရှိနေအိမ် ၂ လုံးမီးလောင်ပျက်စီးခဲ့ပြီး ရွာသား ၁ ဦး တူမီး သေနတ်ထိမှှန်သေဆုံးခဲ့ကာ ၄ ဦးတို့တွင် တူမီးသေနတ်ထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်၍ လိုအပ် သည့်လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ပေးပြီး စိုးရိမ်ရဒဏ်ရာရရှိသူ တစ်ဦးအား ကနီမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သတင်းရရှိသည်။