မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/ရှေ့ရပ်ကွက်၊ ၉၁ လမ်းရှိ တိုက်ခန်းတစ်ခန်းပေါ်မှ အမျိုး သမီးတစ်ဦး ပြုတ်ကျသေဆုံး
နေပြည်တော်၊ မတ် - ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂတောင်ညွန့်မြို့နယ်၊ ကန်/ရှေ့ရပ်ကွက်၊ ၉၁ လမ်းအတွင်းရှိ တိုက်အမှတ်၊ (၁၀၀) ၊ (၆)လွှာ၊ တိုက်ခန်း၌ နေထိုင်သည့် အမျိုးသမီးတစ်ဦးသည် ယနေ့ မွန်းလွဲပိုင်းတွင် ၎င်းနေထိုင်သည့် နေအိမ်အခန်းနောက် ပြူတင်းပေါက်မှ အရှိန်လွန်ကာ မတော်တဆ ပြုတ်ကျပြီး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/ရှေ့ရပ်ကွက်၊ ၉၁ လမ်းအတွင်းရှိ တိုက်ခန်းများအတွင်း CDM လှုပ်ရှားသူများ ရောက်ရှိနေကြောင်း တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်စစ်ဆေးခဲ့ရာ ဆူပူဆန္ဒပြမှုကို လှုံ့ဆော်သည့် စာတန်းများကိုလည်းကောင်း၊ ဆူပူဆန္ဒပြမှုတွင် ပါဝင်သည့် မှတ်တမ်း ဓာတ်ပုံများပါရှိသော လက်ကိုင်ဖုန်းများနှင့် အတူ တိုက်အမှတ်၊ (၁၀၃/အေ)မြေညီထပ်ရှိ ZNT ဖက်ရှင်စတိုးဆိုင်အတွင်းမှ ယမင်းနန္ဒာလွင် အသက် ၂၂ နှစ်(ဘ)ဦးခင်မောင်လွင်နှင့် တိုက်အမှတ်၊ (၁၀၀)၊ (၅)လွှာ လက်ယာဘက်အခန်းမှ ဦးသက်နိုင်ထွန်း အသက် ၃၂ နှစ် (ဘ)ဦးညီညီဇော်တို့အား လည်းကောင်းစစ်ဆေး တွေ့ရှိရ သဖြင့် လိုအပ်သည်များ စစ်ဆေးနိုင်ရန် ထိန်းသိမ်းခဲ့သည်။ ဦးသက်နိုင်ထွန်း၏ တိုက်ခန်းအား ဝင်ရောက်စစ်ဆေးနေစဉ် ၎င်းတိုက်ခန်း၏ နောက်ဖေး လမ်းကြားဘက်မှ ပြုတ်ကျသံ ကြားရသဖြင့် သွားရောက်စစ်ဆေးရာ တိုက်အမှတ်၊ (၁၀၀) (၆)လွှာ၊ လက်ယာဘက်အခန်းတွင် ငှားရမ်းနေထိုင်သော မလျံဇွားလီးအသက် ၃၅ နှစ် (ဘ) ဦးကောဂူးမား ဆိုသူဖြစ်ပြီး တိုက်ခန်း၏ နောက်ဖေးလမ်းကြား ကွန်ကရစ်ပေါ်တွင် မှောက်လျက်အနေအထား ဖြင့် ပြုတ်ကျနေသည်ကို တွေ့ရှိရပြီး ပတ်ဝန်းကျင်မှ မျက်မြင်တွေ့ရှိသူများ၏ ပြောကြား ချက်အရ မလျံဇွားလီးသည် ၎င်းနေထိုင်သည့် နေအိမ်အခန်းနောက် ပြူတင်းပေါက်မှ အရှိန်လွန်ကာ မတော်တဆ ပြုတ်ကျခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ပြုတ်ကျခြင်းကြောင့် မလျံဇွားလီးတွင် ဝဲဘက်ပါး၊ ဝဲနားထင် ဖူးရောင်၊ နှာခေါင်း၊ ပါးစပ်တို့မှ သွေးထွက်ဒဏ်ရာများဖြင့် စိုးရိမ်ရဒဏ်ရာ ရရှိခဲ့သဖြင့် လူမှုကူညီရေးအသင်းမှ အရေးပေါ်လူနာတင်ယာဉ်ဖြင့် တပ်မတော်ဆေးရုံသို့ အချိန်မီပို့ဆောင်ခဲ့သော်လည်း ရရှိဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် သေဆုံးမှုနှင့် ပတ်သက်၍ သေမှုသေခင်း ရေးဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။