မန္တလေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီးအတွင်း အကြမ်းဖက်သမားများအား လက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

 
နေပြည်တော်၊ ဧပြီလ ၂၅ ရက်

 
နိုင်ငံတော်အစိုးရအနေဖြင့် CRPH ၊ NUG နှင့် PDF အမည်ခံအကြမ်းဖက် အဖွဲ့များမှ ပြည်သူလူထုအား လုပ်ကြံသတ်ဖြတ်ခြင်းနှင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှု ယန္တရားပျက်ပြားစေရန်အတွက် အစိုးရနှင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိသည့် ပြည်သူလူထုပိုင် အဆောက်အဦများအား အကြောင်းမဲ့ဖောက်ခွဲဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူများအား ထိတ်လန့်ကြောက်ရွံ့စေရန် ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆောင်ရွက်နိုင်မှုမရှိစေရေး ဖော်ထုတ်ဖမ်းဆီးခြင်းများအား နေ့/ညမပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၈ ရက် ညပိုင်းတွင် မန္တလေး တိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အောင်ချမ်းအေးရပ်ကွက်နေ စည်သူ(ခ) ဆိတ်ကြီး(၄၀)နှစ်၊ ပြည်ကြီးတံခွန်မြိုနယ်၊ သင်ပန်းကုန်းရပ်ကွက်နေ အောင်ကျော်မိုး (ခ)မိုးမိုး(၃၈)နှစ်နှင့် အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ အကွက်အမှတ် (၅၂)နေ အောင်ထွန်းလင်း(ခ)ပါပူး(၄၄)နှစ်တို့ ၃ ဦးအား ၉ မမ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၄၁ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ လက်လုပ်မိုင်း ၂ လုံးတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဧပြီလ ၉ ရက် နံနက်ပိုင်းတွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ Yadanarpon Dynasty Hotel ၌ ကျော်စွာလင်း(ခ)တာရာ(၃၂)နှစ်နှင့် ဝတ်ရည်ချို(၂၁)နှစ်တို့ ၂ ဦးအား ဖမ်းဆီးရမိ ခဲ့ပြီး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ ကျော်စွာလင်း(ခ)တာရာ ငှားရမ်း ထားသော နေအိမ်၌ KA-25 သေနတ် ၁ လက်၊ လက်လုပ်သေနတ် ၁ လက်၊ ကျည်အိမ် ၇ ခု၊ ကျည်မျိုးစုံ ၃၂၆ တောင့်၊ အီနာဂါဗုံးသီး ၂၅ လုံး၊ လက်ပစ်ဗုံး ၅ လုံး၊ လက်လုပ်မိုင်း ၆ လုံး၊ ဒီတိုနေတာ ၃၇၅ ချောင်း၊ Keypad ဖုန်း ၂၀ လုံး၊ ဖောက်ခွဲရေးဆက်စပ် ပစ္စည်းများအား သိမ်းဆည်းရမိခဲ့ပါသည်။

ထို့အပြင် ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဧပြီလ ၁၂ ရက် နံနက်ပိုင်းတွင် ပုသိမ်ကြီးမြို့နယ်၊ ကျောက်ချောကျေးရွာ၊ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေး ဂိတ်တွင် တရားခံ အာကာဖြိုး(၂၃)နှစ်အား ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိတရားခံ အာကာဖြိုး ၏ထွက်ဆိုချက်အရ ဧပြီလ ၁၄ ရက် ညနေပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ၆၉ လမ်း၊ (ဆ/၄)ရပ်ကွက်ရှိ အိမ်အမှတ်(၁၁၂)၌ ဝေလင်းအောင်(ခ)အောင်လေး(၁၉)နှစ်၊ ခိုင်မြင့်မြင့်(ခ)ခိုင်ခိုင်(၂၁)နှစ်တို့ ၂ ဦးအား လက်လုပ်မိုင်း ၂ လုံး၊ ကျည်ကာအင်္ကျီ ၅ ထည်၊ Keypad ဖုန်း ၂ လုံးတို့ဖြင့် လည်းကောင်း၊ ယင်းနေ့ညပိုင်းတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (၁၁၃ x ၁၁၄)လမ်းကြား၌ အောင်ပြည့်ဖြိုး(ခ)တံခွန်(၂၆)နှစ်အား လက်လုပ်သေနတ် ၂ လက်၊ ပြောက်ကျား ယူနီဖောင်း ၃ စုံ၊ ကျည်ကာအင်္ကျီ ၁ ထည်တို့ဖြင့်လည်းကောင်း ထပ်မံဖမ်းဆီးရမိ ခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဧပြီလ ၂၀ ရက် ညပိုင်းတွင် ချမ်းမြသာစည်မြို့နယ်၊ ၁၀၉ (အေ)လမ်း၊ ၅၃ x ၅၄ လမ်းကြားရှိ နေအိမ်၌ မျိုးသီဟ(ခ) ရှောင်ကြီး(၂၂)နှစ်၊ ကျော်ဇင်ထွန်း(ခ)ကြောင်ကြီး(၁၉)နှစ်၊ ပြည့်စိုးခန့်(၁၉)နှစ်နှင့် သီဟဇော် (၁၇)နှစ်တို့ ၄ ဦးအား KA-25 သေနတ် ၃ လက်၊ ကျည်အိမ် ၈ ခု၊ ကျည်မျိုးစုံ ၃၆၀ တောင့်၊ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၁ လုံး၊ ဆေးပစ္စည်းမျိုးစုံထည့်ထားသည့် ပီနံအိတ် ၂၇ အိတ် တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

ဖြစ်စဉ်တွင် ဖမ်းဆီးရမိတရားခံ ကျား ၁၁ ဦး၊ မ ၂ ဦး၊ စုစုပေါင်း ၁၃ ဦးအား KA-25 သေနတ် ၄ လက်၊ ၉ မမ ပစ္စတို ၁ လက်၊ လက်လုပ်သေနတ် ၂ လက်၊ ကျည်အိမ်မျိုးစုံ ၁၆ ခု၊ ကျည်မျိုးစုံ ၇၂၇ တောင့်၊ လက်ပစ်ဗုံး ၆ လုံး၊ အီနာဂါဗုံးသီး ၂၅ လုံး၊ ၁၀၇ မမ ရှော့တိုက်ဒုံးသီး ၁ လုံး၊ လက်လုပ်မိုင်းမျိုးစုံ ၁၀ လုံး၊ ဒီတိုနေတာ ၃၇၅ ချောင်း၊ ကျည်ကာအင်္ကျီ ၆ ထည်၊ ပြောက်ကျားယူနီဖောင်း ၃ စုံ၊ Keypad ဖုန်း ၂၂ လုံး ဆေးပစ္စည်းမျိုးစုံ ထည့်ထားသည့် ပီနံအိတ် ၂၇ အိတ်နှင့် ဖောက်ခွဲရေးဆက်စပ်ပစ္စည်း များနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကျော်စွာလင်း(ခ)တာရာ၊ အောင်ကျော်မိုး(ခ)မိုးမိုး၊ ဝတ်ရည်ချို နှင့် ဖမ်းဆီးရန်ကျန် တရားခံ ရှီခါ(ခ)Shika ၊ အေးငုဝါခိုင်(ခ)မတောက် တို့သည် ဖမ်းဆီးရန် ကျန်တရားခံ သန်းမြတ်စိုး(ခ)မုန်တိုင်း၏ ချိတ်ဆက်ခေါ်ဆောင်မှုဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ ပန်ဝိုးလေး ကျေးရွာအနီး၌ TNLA အဖွဲ့၊ တပ်မဟာ(၂)တွင် အကြမ်းဖက်ဖောက်ခွဲရေးသင်တန်း ၁ လ တက်ရောက်ခဲ့ကြောင်း၊ သင်တန်းဆင်းပြီးနောက် မန္တလေးတိုင်းဒေသကြီးသို့ ပြန်လည်စေလွှတ်ပြီး အကြမ်းဖက်ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန် သန်းမြတ်စိုး(ခ)မုန်တိုင်းမှ စေခိုင်းခဲ့ခြင်းဖြစ်ပြီး လိုအပ်သည့် လက်နက်/ ခဲယမ်းများနှင့် ဖောက်ခွဲရေးပစ္စည်းများကိုလည်း ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ထုတ် သိရှိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ စည်သူ(ခ)ဆိတ်ကြီး၊ အောင်ကျော်မိုး (ခ)မိုးမိုး၊ ထွန်းလင်း(ခ)ပါပူး၊ ကျော်စွာလင်း(ခ)တာရာ၊ ဝတ်ရည်ချို တို့သည် မန္တလေးမြို့ရှိ ဇွဲထက်ရွှေဆိုင်အား ဓါးပြတိုက်ရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ နန္ဒမြောက်ရွာရှိ ဖမ်းဆီးရန်ကျန် တရားခံ ဝင်းဘို ပိုင်ဆိုင်သည့် ဘဲခြံအတွင်း၌ ၃ ရက် ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့သည့်အပြင် ဖမ်းဆီးရန်ကျန် တရားခံ ရှီခါ(ခ)Shika နှင့် အေးငုဝါခိုင်(ခ)မတောက် တို့ခေါင်းဆောင်၍ ရတနာပုံဉယျာဉ် ဖွင့်ပွဲအခမ်းအနား ပြုလုပ်မည့်နေ့နှင့် သင်္ကြန်ကာလအတွင်း မန္တလေးမြို့အတွင်း၌ အဖျက်အမှောင့်လုပ်ငန်းများ ဆောင်ရွက်ရန်စီစဉ်နေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ဆေးပစ္စည်းမျိုးစုံထည့်ထားသည့် ပီနံအိတ် ၂၇ အိတ်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် TNLA အဖွဲ့၊ တပ်မဟာ(၂)သို့ ရောက်ရှိ နေသော ဖမ်းဆီးရန်ကျန် တရားခံ သန်းမြတ်စိုး(ခ)မုန်တိုင်း ထံပို့ဆောင်ရန် ဝယ်ယူ စုဆောင်းထားခြင်းဖြစ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။

သို့ဖြစ်ပါ၍ ဖမ်းဆီးရမိတရားခံများအား ဥပဒေအရထိရောက်စွာ အရေးယူ နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး အကြမ်းဖက်မှု ဆောင်ရွက်နေသူ များအား ပြည်သူတစ်ရပ်လုံးက ဝိုင်းဝန်းကာကွယ်တိုက်ဖျက်ကြရန်နှင့် ပြစ်မှုကျူးလွန် ရာတွင် ပါဝင်ပတ်သက်သူများ၊ နောက်ကွယ်မှ ထောက်ပံ့ပေးလျက်ရှိသော ဆက်စပ် တရားခံများအား အမြန်ဆုံးဖမ်းဆီးရမိရေးအတွက် ၎င်းတို့ပုန်းခိုရာနေရာများ၊ လှုပ်ရှား သွားလာနေထိုင်မှု သတင်းများရရှိပါက သက်ဆိုင်ရာသို့ လျှို့ဝှက်စွာသတင်းပေး တိုင်ကြား နိုင်ပါကြောင်း၊ သတင်းပေးသူနှင့် ဖမ်းဆီးပေးသူများအား ထိုက်တန်စွာလျှို့ဝှက်၍ ဆုငွေများ ပေးအပ်ချီးမြှင့်လျက်ရှိကြောင်းနှင့် မြို့ရွာများအမြန်ဆုံး အေးချမ်းတည်ငြိမ် ရေးအတွက် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြိုးပမ်းဆောင်ရွက်နိုင်ပါရန် မေတ္တာ ရပ်ခံ အပ်ပါကြောင်း အသိပေးသတင်းထုတ်ပြန်အပ်ပါသည်။