မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ ရဲတပ်ဖွဲ့ဝင် ၁ ဦးအား အကြမ်းဖက်သူလူအုပ်စုမှ ရက်စက်စွာသတ်ဖြတ်ခဲ့မှု

နေပြည်တော်၊ ဧပြီ ၃

၂၀၂၁ ခုနှစ်၊ ဧပြီ ၃ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၅) ရပ်ကွက်၊ မနော်ဟရီလမ်းနှင့် ၆၅ လမ်းမပေါ်၌ အသက် ၄၀ နှစ်ခန့် အမျိုးသား ၁ ဦး ဘောင်းဘီတိုအနက်ရောင် ဝတ်ဆင်လျက် လက်ထိပ်နောက်ပြန်ခတ်ကာ ထိုးသွင်းဒဏ်ရာများဖြင့် ရက်စက်စွာသတ်ဖြတ် ခံထားရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က အခင်းဖြစ်ရပ်သို့ သွားရောက်ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထိုသို့သွားရောက် ကြည့်ရှု့စစ်ဆေးခဲ့ရာတွင် ရက်စက်စွာ သတ်ဖြတ်ခံထားရသူမှာ ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင် ၁ ဦးဖြစ်ပြီး လက်ထိပ်နောက်ပြန်ခတ်လျက် လည်တိုင် ယာဘက် ၄ လက်မခွဲခန့် ပြတ်ရှဒဏ်ရာ ၁ ချက်၊ ဦးခေါင်းထိပ် ပေါက်ပြဲဖူးရောင်ဒဏ်ရာ ၁ ချက်ဖြင့် လမ်းမ အလယ်၌ သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အလောင်းအား ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

၎င်းရဲတပ်ဖွဲ့ဝင်သည် လုံခြုံရေးတာဝန်ထမ်းဆောင်ရာမှ ရဲစခန်းတွင် ခေတ္တအနားပေးထား ရှိစဉ် ရဲစခန်းနှင့် ကိုက် ၅၀ ခန့်အကွာ တရားရုံးအရှေ့ ကွမ်းယာဆိုင်၌ ကွမ်းယာဝယ်ယူရန် ထွက်ခွာ သွားခဲ့ရာမှ ယခုကဲ့သို့ မသမာသူလူတစ်စု၏ ရက်စက်ယုတ်မာစွာ အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ် ခံရခြင်းဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်အား ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက် သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။