မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဉီးမြို့နယ်နှင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်တို့၌ ဆူပူအကြမ်းဖက်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ လုပ်ထုံးလုပ်နည်းများနှင့်အညီ လူစုခွဲ၊ ဖမ်းဆီးထိန်းသိမ်း

နေပြည်တော်၊ မတ် ၂၅

 မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ သင်္ဂဇာအရှေ့ဘက်လမ်း၊ ၂၉ x ၃၀ လမ်းထောင့်အရောက်တွင် ဆူပူအကြမ်းဖက်သူ လူစုလူဝေး အင်အား ၅၀ ဦးခန့်မှ မတ် ၂၄ ရက် ည ၁၁ နာရီခန့်တွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များအား အော်ဟစ်ဆဲဆိုပြီး လေးခွ၊ ဂျင်ကလိ၊ ကျောက်ခဲများဖြင့် အကြောင်းမဲ့ရန်ပြု အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အဓိက ရုဏ်းနှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ ည ၁၁ နာရီခွဲ အချိန်ခန့်တွင် လူစုကွဲသွားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးအားဓားဖြင့် ဝင်ရောက်ထိုးခုတ် တိုက်ခိုက်ခဲ့သူ အမျိုးသား ၁ ဦးမှာ ထိခိုက်ဒဏ်ရာရရှိ သေဆုံးခဲ့ပါသည်။

ဆူပူအကြမ်းဖက်သူ လူစုလူဝေး၏ အကြောင်းမဲ့ရန်ပြု အကြမ်းဖက်တိုက်ခိုက်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့သုံး မော်တော်ယာဉ် ၂ စီးထိခိုက်ပျက်စီးခဲ့ပြီး အဆိုပါအကြမ်းဖက်လူအုပ်စုအတွင်းမှ ချမ်းအေးသာစံမြို့နယ်၊ ဒေးဝန်းအနောက်ရပ်ကွက်နေ ကျော်သူထက် (၃၀)နှစ် (ဘ) ဦးသန်းပို ပါ ၂ ဦးအား ဆူပူအကြမ်းဖက်ရာတွင် အသုံးပြုခဲ့သည့် ဓားရှည် ၁ ချောင်း၊ ဓားမြှောင် ၁ ချောင်း၊ စမုတ်တံများ၊ သံချွန် ၁ ချောင်း၊ လေးခွ၊ လေးသီး၊ ဖန်ဂေါ်လီများနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

အလားတူ ယနေ့နေ့လည် ၁၂ နာရီ ၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့၌ ဦးဆောင်သူ(စိစစ်ဆဲ) ဆူပူဆန္ဒပြသူ လူစုလူဝေး အင်အား ၂၀၀ ဦး ခန့်သည် ခင်ဦး-ရွှေဘိုကားလမ်းမကြီးအား အတားအဆီးများဖြင့်ပိတ်ဆို့ကာ မူးယစ်ရမ်းကား ဆူပူအော်ဟစ် ဆန္ဒပြ နေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အခြေအနေအား ထိန်းသိမ်းခဲ့ရာ ဆူပူဆန္ဒပြသူများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးခွ၊ ဂျင်ကလိ၊ အုတ်ခဲများဖြင့် ပြန်လည်အကြမ်းဖက်ရန်ပြု ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်း နှိမ်နင်းရေးလက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၂၅ မိနစ်အချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက် သူလူစုလူဝေးအတွင်းမှ အမျိုးသား ၁ ဦးမှာ သေဆုံးခဲ့ကာ ဆူပူအကြမ်းဖက်သူ အမျိုးသား ၁၆ ဦးအား ဖမ်းဆီးထိန်းသိမ်း ခဲ့ရပါသည်။

ဆူပူအကြမ်းဖက်မှုဖြစ်စဉ်တွင် လူသေဆုံးခဲ့မှုနှင့်ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့်၍ ဖမ်းဆီးရမိသူများအနက် ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂ ဦးအား လိုအပ်သော ဆေးဝါးကုသမှုများ ပြုလုပ်နိုင်ရန်အတွက် ခင်ဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ထို့အတူ ယနေ့နေ့လည် ၁၂ နာရီ ၂၀ မိနစ်အချိန်တွင် ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ မြို့မရပ်ကွက်၊ ပြည်ထောင်စုလမ်းမကြီးနှင့် ပင်လုံလမ်းဆုံတွင် ဆူပူဆန္ဒပြသူ လူစုလူဝေးအင်အား ၂၀၀ ဦးခန့်သည် ဆူပူဆန္ဒပြနေကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ လူစုခွဲနိုင်ရေး ဥပဒေနှင့်အညီ ညှိနှိုင်းဖြေလျော့မှုများ ပြုလုပ်ခဲ့သော်လည်း ဆူပူဆန္ဒပြသူများမှ လိုက်နာမှုမရှိ သည့်အပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လေးခွ၊ ဂျင်ကလိ၊ အုတ်ခဲ၊ မီးပုလင်း၊ လက်လုပ် သေနတ်များ အသုံးပြုကာ အရက်သေစာသောက်စားထားပြီး မူးယစ်ဆေးဝါးများ အလွန်အကျွံ သုံးစွဲထားသည့် ပုံသဏ္ဍာန်များဖြင့် အသိဉာဏ်ဆင်ခြင်တုံတရား ကင်းမဲ့စွာဖြင့် ပြန်လည် အကြမ်းဖက်ရန်ပြု ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အဓိကရုဏ်းနှိမ်နင်းရေး လက်နက်များဖြင့် ခြောက်လှန့်ပစ်ခတ်လူစုခွဲခဲ့ရာ  မွန်းလွဲ ၁၂ နာရီခွဲအချိန်တွင် လူစုကွဲသွားခဲ့ပြီး ဆူပူအကြမ်းဖက်သူလူစုလူဝေးအတွင်းမှ အမျိုးသား ၂ ဦး (စိစစ်ဆဲ)မှာ သေဆုံးခဲ့ကာ အမျိုးသား ၂ ဦးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လူသေဆုံးခဲ့မှုနှင့်ပတ်သက်၍ ရဲလုပ်ငန်းများနှင့်အညီ သေမှုသေခင်းရေးဖွင့်၍  ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးအား လိုအပ်သော ဆေးဝါးကုသမှုများ ပြုလုပ်နိုင်ရန်အတွက် မိုးညှင်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်။

အထက်ပါဆူပူအကြမ်းဖက်မှုဖြစ်စဉ်များတွင် ဖမ်းဆီးထိန်းသိမ်းရမိသူများအား ဉပဒေအရ ထိရောက် စွာ အရေးယူနိုင်ရေးအတွက် သက်ဆိုင်ရာသို့ အပ်နှံ၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။