မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်တွင် ဆူပူအကြမ်းဖက် အဖွဲ့များ အသုံးပြုသည့် ဖောက်ခွဲဖျက်ဆီးရေးသုံး ပစ္စည်းများ အများအပြား သိမ်းဆည်းရမိ

နေပြည်တော်၊ ဧပြီ ၇

    လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထု လုံခြုံအေးချမ်းစေရေး အတွက် လမ်းကြောင်းများ ပိတ်ဆို့ထားသည့် အတားအဆီးများအား ဖယ်ရှားရှင်းလင်းခြင်း၊ ဆူပူအကြမ်းဖက် အဖွဲ့များ၏ လူထုအထိတ်လန့်ဖြစ်စေပြီး သေကြေပျက်ဆီးစေရန် ရည်ရွယ် လုပ်ဆောင်မှုများအား ကြိုတင် ဟန့်တားနိုင်ရေးအတွက် လုံခြုံရေး ပူးပေါင်းအဖွဲ့များသည် လှည့်ကင်း၊ ပတ်ကင်းများ အဆက်မပြတ် ဆောင်ရွက်ကာ ပိတ်ဆို့ရှာဖွေရေး လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိပါသည်။

    ထိုသို့လုပ်ဆောင်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဧပြီလ ၆ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန်တွင် မဟာအောင်မြေမြို့နယ်၊ (၄၁)လမ်းနှင့် (၉၂)လမ်း လမ်းဆုံ၌ မဟာအောင်မြေမြို့နယ်၊ သံလျှပ်မှော်ရပ်ကွက်နေ ရန်နိုင်အောင် (၂၂)နှစ် (ဘ)ဦးဟန်ဝင်းနှင့် ဟိန်းထက်အောင်(၁၇)နှစ် (ဘ)ဦးစိုးနိုင်တို့ မောင်းနှင်လာသည့် ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးခဲ့ရာ ၎င်းတို့နှင့်အတူ ပါရှိလာသည့် ဖုန်းမှတ်တမ်းနှင့် စာရွက်စာတမ်း အထောက်အထားများအရ သတင်းကွင်းဆက် ဆက်လက်ဖော်ထုတ်ခဲ့ရာ ဇင်ကိုကိုအောင် (ခ)ဇင်ကို (၂၅)နှစ် (ဘ) ဦးကျော်နိုင်နှင့် ဟိန်းထက်အောင် (၁၉)နှစ်(ဘ) ဦးအောင်မင်းသိန်း တို့(၂)ဦးအား ထပ်မံတွေ့ရှိ ထိန်းသိမ်း စစ်ဆေးခဲ့ရာ လက်လုပ်သေနတ် ၈ လက်၊ လက်လုပ်မိုင်း ၇၀ လုံး၊ အရှည်(၃)ပေရှိကော်ပိုက် ၁၂ လုံး၊ အရှည်(၅)လက်မခန့်ရှိ ကော်ပိုက် ၄၀ ခု၊ မီးရှူးမီးပန်းများ၊ ကျည်ကာအင်္ကျီ ၅ ထည်နှင့် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပါသည်။

    အထက်ပါဖမ်းဆီးရမိသူ(၄)ဦးအား ထပ်မံစစ်ကြောချက်အရ ဧပြီလ ၇ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် သတင်းကွင်းဆက် ရရှိထားသည့်သည့် ပုသိမ်ကြီးမြို့နယ်၊ ဘိုတပ်ကုန်းကျေးရွာ၊ (၄၄)လမ်း၊ မဉ္ဇူလမ်းနှင့် ခတ္တာလမ်းကြားရှိ ဦးကျော်မြင့်(ခ) ဇောင်ကျားစိန်(စိစစ်ဆဲ) ပိုင်ဆိုင်သည့် ဒိုင်းမွန်းအုတ်စက် လုပ်ငန်းခြံဝင်းအတွင်း ထပ်မံရှာဖွေခဲ့ပါသည်။

    ဖော်ပြပါအတိုင်း အသေးစိတ် ရှင်းလင်းစဉ် ခြံစောင့်ဖြစ်သူ စိုင်းဆာအောင်(၂၂)နှစ် (ဘ) ဦးစံကျိုင်းအား တွေ့ရှိပြီး ဂိုဒေါင်အတွင်းမှ လက်လုပ်သေနတ် ၁၅ လက်၊ လက်လုပ်မိုင်း မျိုးစုံ ၂၃၄ လုံး၊ ဒူးလေး ၁၁ လက်၊ မြှားတံ ၁၀၀ ချောင်း၊ ကျည်ကာအင်္ကျီ ၇ ထည်၊ ဂျင်ကလိ ၁၀၀ ချောင်း၊ ဓာတ်ငွေ့ကာမျက်နှာဖုံး ၃၇ ခု၊ ဓာတ်ဆီပုလင်း ၅၀ လုံးနှင့် ဆက်စပ်ပစ္စည်းအများအပြားအား ရှာဖွေသိမ်းဆည်း ရမိခဲ့ပါသည်။

    ဆူပူအကြမ်းဖက် အဖွဲ့အစည်းများအနေဖြင့် ငြိမ်းချမ်းစွာ နေထိုင်လိုသည့် ပြည်သူလူထုအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နိုင်ငံတော်ပိုင် အဆောက်အဦများကို လက်လုပ်မိုင်း၊ မီးပုလင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တပ်စခန်းများအား နှောင့်ယှက် ပစ်ခတ်ခြင်း၊ အများပြည်သူပိုင် အဆောက်အဦးနှင့် ယာဉ်များအား လက်လုပ်မိုင်းဖြင့် ပစ်ပေါက်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လာသည့်အတွက်  လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးဆိုင်ရာ လုပ်ငန်းစဉ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ထုတ်ပြန်အပ်ပါသည်။