မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ လွန်တောင်းကျေးရွာ၌ ဒီမိုကရက်တစ် ပါတီ စည်းရုံးရေးမှူး မီးရှို့ သတ်ဖြတ်ခံရ

နေပြည်တော်၊ ဧပြီ ၇

    ၂၀၂၁ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က မန္တလေးတိုင်း ဒေသကြီး၊ မတ္တရာမြို့နယ်၊ လွန်တောင်း ကျေးရွာ၌ ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူး မီးရှို့သတ်ဖြတ်ခံခဲ့ရကြောင်း သိရှိရသည်။

    ဖြစ်စဉ်မှာ ဧပြီလ ၆ ရက် နေ့လယ် ၁၂ နာရီခွဲအချိန်တွင် မတ္တရာမြို့နယ်၊ လွန်တောင်း ကျေးရွာနေ ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးမှ ၎င်း၏ နေအိမ်အား အကြမ်းဖက်သူ လူတစ်စု(စိစစ်ဆဲ)မှ ဝင်ရောက်ဖျက်ဆီးနေကြောင်း ဖုန်းဆက် အကြောင်းကြား၍ လုံခြုံရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က အခြေအနေအား ထိန်းသိမ်းနိုင်ရေး အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် အကြမ်းဖက်လူစုအား တွေ့ရှိရခြင်း မရှိဘဲ ဖုန်းဆက် အကြောင်းကြားသူ  စည်းရုံးရေးမှူးအား ၎င်း၏နေအိမ်၌ အသင့်တွေ့ရှိရပြီး ၎င်းပိုင်ဆိုင်သော လယ်ထွန်စက် ရှေ့ မီးသီးများအား ရိုက်ခွဲ ဖျက်ဆီးခံရပြီး အင်ဂျင်ဝိုင်ထည့်သည့် အပေါက်အား သဲများဖြင့် ပိတ်ဆို့ထားသည်ကို တွေ့ရှိခဲ့ရ ပါသည်။

    လုံခြုံရေး တပ်ဖွဲ့ဝင်များမှ စည်းရုံးရေးမှူး၏ လုံခြုံရေး စိုးရိမ်ရသည့်အတွက် မတ္တရာမြို့သို့ ခေါ်ဆောင်လာခဲ့ရာ တောင်ပြုန်းကျေးရွာ အရောက်၌ ၎င်းမှ မန္တလေးရှိ ၎င်း၏ ဆွေမျိုးများ နှင့်အတူ သွားရောက် နေထိုင်မည်ဖြစ်ကြောင်း အသိပေးပြောဆိုကာ တောင်ပြုန်းကျေးရွာ၌ ကျန်ရှိခဲ့ပါသည်။

    ဧပြီလ ၇ ရက် နံနက် ၈ နာရီခွဲအချိန်တွင် လွန်တောင်းကျေးရွာ၌ အဆိုပါ စည်းရုံးရေးမှူး အသတ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ခဲ့ရာ အလောင်းအား နေအိမ်၌ မတွေ့ရှိဘဲ လိုက်လံရှာဖွေစဉ် နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် လွန်တောင်းရွာ၏ တောင်ဘက် ၁ မိုင်ခန့်အကွာ တောင်သင်္ချိုင်း အတွင်းမှ အဆိုပါ စည်းရုံးရေးမှူးအား မီးရှို့ သတ်ဖြတ်ထားသည်ကို တွေ့ရှိခဲ့ရပါသည်။

    ဖြစ်စဉ်ပါ  ဒီမိုကရက်တစ်ပါတီ စည်းရုံးရေးမှူးအား အုပ်စုဖွဲ့ အကြမ်းဖက်ကာ ရက်စက်စွာ မီးရှို့ သတ်ဖြတ်ခဲ့မှုနှင့် ပတ်သက်၍ ကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လိုအပ်သော စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိပါသည်။