မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးအား မီးရှို့ သတ်ဖြတ်မှုတွင် ပါဝင်ပတ်သက်သူများအား ထပ်မံဖော်ထုတ် ရရှိ

နေပြည်တော်၊ ဧပြီ - ၇

    မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ရဲစခန်းမှ ရဲအရာရှိတစ်ဦးအား မတ် ၂၉ ရက်တွင် ဆူပူအကြမ်းဖက်အဖွဲ့အင်အား ၂၀၀ ဦးခန့်က ဖမ်းဆီး၍ ရဲအရာရှိတစ်ဦး ဖြစ်မှန်းသိလျက်နှင့် ရက်စက်စွာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သတင်း ထုတ်ပြန်ပြီးဖြစ်သည်။

    ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ဖြစ်စဉ်ဖြစ်ပွားချိန်မှ စတင်ကာပြစ်မှုတွင် ပါဝင်သူများအား စိစစ်ဖော်ထုတ်ခြင်းများ ဆောင်ရွက်ခဲ့ရာ “တရားဥပဒေ အထက်တွင် မည်သူမျှမရှိ၊ ပြစ်မှုဖြစ်လျင် လွတ်ရိုးထုံးစံမရှိ” ဟူသည့် ဆိုရိုးစကားများနှင့်အညီ လူသတ်မှုတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့သူ ငြိမ်းမင်းသူ(ခ)ကျော်မဲ(ဘ)ဦးမြင့်စိုး၊ သရက်တစ်ပင် ကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူအား မတ် ၃၁ ရက်တွင် ဖော်ထုတ်ဖမ်းဆီး ရမိခဲ့ပြီး ရဲအရာရှိအား ဝိုင်းဝန်းသတ်ဖြတ်ရာတွင် ပါဝင်ပတ်သက်သူများအား အပူတပြင်း ဆက်လက် ဖော်ထုတ်ခဲ့သည်။

  လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် မတရားမှုကို အလိုမရှိသည့် တာဝန်သိပြည်သူများ၏ သတင်းပေးမှုများကြောင့် ဖြစ်စဉ်တွင်ပါဝင် ပတ်သက်သူများ ဖြစ်ကြသည့် အငယ်လေး(၂၀)နှစ်(ဘ) ဦးညွန့်သိန်း၊ ကျော်ဇင်ဝင်း(ခ) သူရဲလေး(၂၅)နှစ်(ဘ) ဦးတင်မြိုင်၊ ဇော်ထွန်းဝင်း(ခ)ဇော်သူဟိန်း(၂၆)နှစ်(ဘ) ဦးအောင်ဝင်းကျော်၊ ဝင်းသူမောင်(ခ)ဝင်းသူ(၂၀)နှစ်(ဘ) ဦးအောင်ဝင်းကျော် တို့အား ထပ်မံဖော်ထုတ် ဖမ်းဆီးရမိခဲ့ပြီး အထူးတရားရုံးဖြင့် ထိရောက်မြန်ဆန်စွာ အရေးယူနိုင် ရေး ဆောင်ရွက်လျက်ရှိသည်။

  ၎င်းတို့အား စစ်ဆေးမေးမြန်းချက်များအရ သရက်တစ်ပင်မြောက်ပိုင်းနေ ပွကြီး(၄၅)နှစ်၊ သရက်တစ်ပင်အုပ်စု၊ရဲထွဋ်ရွာနေ ခွေးကြီး(ခ)ငစိုင်း(၂၅)နှစ်၊ သီဟဇော် (ဘ)ဦးဝင်းဇော်၊ ရွှေတိုး၊ မင်းတဲအီကင်းနေ (ပွကြီး၏ ညီဖြစ်သူ) သန်းထွန်းဦး (၄၀)နှစ်၊ အာကြီး(၄၅)နှစ်၊ ရန်ရှင်း(၂၅)နှစ်၊ သရက်တစ်ပင် တောင်ပိုင်းနေ ငရဲ(ခ) ရဲဇော်(၂၂)နှစ်နှင့် ဗေလုဝ(ခ)ဗေကြီး (၁၉)နှစ်၊ စည်သူအောင်(၃၀)နှစ် တို့ ၉ဦး ပါဝင်ခဲ့ကြောင်း ထပ်မံသတင်းဖော်ထုတ် ရရှိခဲ့ပြီး ၎င်းတို့အား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။