မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ ရဲစခန်းမှ အရာရှိတစ်ဦးအား ဆူပူအကြမ်းဖက်သူ လူအုပ်စုမှ ဖမ်းဆီး၍ ရက်စက်ယုတ်မာစွာ မီးရှို့သတ်ဖြတ်

နေပြည်တော်၊ မတ် ၃၀
    
၂၀၂၁ ခုနှစ်၊ မတ်လ ၂၉ ရက်နေ့ နေ့လည် ၁၂ ခွဲအချိန်ခန့်တွင် မဟာအောင်မြေမြို့နယ် ရဲစခန်းမှ ရဲအရာရှိတစ်ဦးသည် အကျဉ်းဦးစီးဌာနသို့ လိုအပ်သော ရုံးလုပ်ငန်းဆိုင်ရာ စာရွက်စာတမ်းများ ပို့ဆောင်ရေးအတွက် ဒသမ ၃၈ ခြောက်လုံးပြူး ၁ လက်၊ Icon စကားပြောဆက်သွယ်ရေးစက် ၁ လုံးအား အိတ်အတွင်းထည့်ကာ အရပ်ဝတ်ဝတ်ဆင်၍ ၎င်းပိုင်ဆိုင်ကယ်ဖြင့် ရဲစခန်းမှ ၁၄ လမ်းနှင့် ၈၇ x ၈၈ လမ်းအကြား ကမ်းနားလမ်းအတိုင်း တစ်ဦးတည်း ထွက်ခွာသွားခဲ့ရာ အောင်မြေသာစံမြို့နယ်၊ (၁၄)လမ်းထိပ်၊ နှင်းဆီအိမ်ရာသို့အရောက်တွင် လူစုလူဝေးအင်အား ၂၀၀ ဦးခန့်ပါဝင်သည့် လူအုပ်စုမှ တားဆီးသဖြင့် ဆိုင်ကယ်အား နောက်သို့ပြန်လှည့်မောင်းနှင်စဉ် ဆိုင်ကယ်လဲကျခဲ့ပြီး ဆူပူသူလူအုပ်စု၏ ဖမ်းဆီးခြင်းခံခဲ့ရကာ တာယာကွင်းများဖြင့်စွပ်၍ အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရကြောင်း သိရှိရပါသည်။
    
၎င်းရရှိသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မြေပြင်သွားရောက် ရှင်းလင်းခဲ့ရာ မီးလောင် ကျွမ်းထားသည့် ကိုယ်ခန္ဓာအစိတ်အပိုင်းအချို့နှင့် ၎င်းအရာရှိစီးနင်းသွားသည့် ဆိုင်ကယ်နံပါတ်ပြား အား တွေ့ရှိခဲ့ရပြီး ခြောက်လုံးပြူးသေနတ် ၁ လက်နှင့် ဆက်သွယ်ရေးစက်မှာ ပျောက်ဆုံးလျက် ရှိပါသည်။
    
လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆက်လက်သတင်းဖော်ထုတ်ချက်အရ ဆူပူအကြမ်းဖက်အဖွဲ့အား ကျော်တင့် မင်းတဲ/အီကင်းရပ်ကွက်၊ NLD စည်းရုံးရေးမှူး၊ ရပ်/ကျေး(ဟောင်း)၊ သိန်းထွန်း နှင်းဆီ အိမ်ရာ၊ လူမှုကူညီရေး၊ မျိုးသန့်(ခ)ထော်ကြီး၊ နိုင်ဝင်းဇော်၊ မောင်ထွန်း၊ ချိုကြီး၊ ဇော်မျိုးနိုင်၊ ရွှေတိုး၊ မြင့်လွင်နှင့် ဝိုင်းချစ်(ခ)ပွင့်ကြီးတို့ ၁၀ ဦးမှ ဦးဆောင်၍ ရဲအရာရှိအား ရက်စက်ယုတ်မာစွာ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း အကြမ်းဖျင်း ဖော်ထုတ်ရရှိခဲ့ပါသည်။
    
ရဲအရာရှိအား ရက်စက်ယုတ်မာစွာ အရှင်လတ်လတ်မီးရှို့သတ်ခဲ့ရာတွင် ဦးဆောင်ပါဝင်သူ တရားခံ ၁၀ ဦးအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေးအတွက် အမှုဖွင့်လှစ်ထားရှိခဲ့ပြီး ၎င်းတို့ ၁၀ ဦးနှင့် ပူးပေါင်းပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆောင်ရွက် လျက်ရှိပြီး ထွက်ပြေးတိမ်းရှောင်တရားခံများအား လက်ခံထားရှိသူများကိုလည်း ထိရောက် ပြင်းထန်စွာ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ် ပြန်အပ်ပါသည်။