မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူစုလူဝေးဖြင့် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ရန် ပြုလုပ်ခဲ့စဉ် ပျောက်ဆုံးခဲ့သည့် လက်နက်များ ပြန်လည်တွေ့ရှိ

 

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား လူစုလူဝေးဖြင့် အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်ရန် ပြုလုပ်ခဲ့စဉ် ပျောက်ဆုံးခဲ့သည့် လက်နက်များ ပြန်လည်တွေ့ရှိ

နေပြည်တော်၊ မတ်လ ၁၆    
    
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်ရဲတပ်ဖွဲ့မှ မိုးကုတ်မြို့နယ်ရဲတပ်ဖွဲ့တွင် တွဲဘက် တာဝန် ထမ်းဆောင်နေသော လုံခြုံရေးတပ်ဖွဲ့ဝင် (၈)ဦးသည် မတ် ၁၅ ရက်တွင် လက်နက်/ခဲယမ်း (၈)လက်နှင့်အတူ Light Truck ယာဉ်ဖြင့် မိုးကုတ်မြို့မှ စဉ့်ကူးမြို့သို့ ပြန်လည်ထွက်ခွာလာစဉ် သပိတ်ကျင်းမြို့နယ် ရပ်တော်မူ ဘုရားရှေ့အရောက်တွင် ဆူပူအကြမ်းဖက်သူ လူစုလူဝေးအင်အား ၄၀၀ ဦးခန့်မှ တုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်ကာ တပ်ဖွဲ့ဝင်များလိုက်ပါလာသော မော်တော် ယာဉ်အားတားဆီးပြီး ဝိုင်းဝန်း ရိုက်နှက်ခဲ့သဖြင့် မော်တော်ယာဉ်ပျက်စီးခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် များ၏ သေနတ် ၂ လက်မှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။
    
ဖြစ်စဉ်တွင် ပျောက်ဆုံးလျက်ရှိသည့် သေနတ် ၂ လက် ပြန်လည်သိမ်းဆည်းရရှိရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သတင်းဆက်စပ်ဖော်ထုတ်ခြင်း၊ မင်္ကာဖွယ်နေရာများအား စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ပြီး မတ်လ ၁၆ ရက် နံနက် ၂ နာရီအချိန်တွင် စိုးမင်း (ခ) မင်းမင်း (တိမ်းရှောင်) (၄၈)နှစ် (ဘ) ဦးအုန်းမောင်၊ အမှတ်(၃)ရပ်ကွက်၊ ချောင်းကြီးကျေးရွာ၊ သပိတ်ကျင်းမြို့နယ်နေသူ၏ "သဇင်မိုး" လက်ဖက်ရည်ဆိုင်အား မသင်္ကာသဖြင့် ဝင်ရောက်စစ်ဆေးရှာဖွေရာ ဆိုင်ဝင်ပေါက် အနီးရှိ လက်ဖက်ရည်ဖျော်ခုံအောက်၌ ပျောက်ဆုံးနေသော သေနတ် ၂ လက်နှင့် ဆက်စပ်ပစ္စည်းများ အား ပုဆိုးဖြင့် ပတ်လျက် ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်စပ်တရားခံ(၈)ဦးအား ဖော်ထုတ်ဖမ်းဆီး ရမိကာ ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။
    
လက်ရှိအချိန်ကာလတွင် နိုင်ငံအတွင်းရှိ အချို့နေရာများ၌ သာမန်ဆူပူမှုအသွင်မှ အကြောင်း မဲ့ အကြမ်းဖက်လူအုပ်စုဖြင့် သတ်ဖြတ်၊ လုယက်၊ မီးရှို့၊ ဖျက်ဆီးသည့် အကြမ်းဖက်အခြေအနေသို့ ဦးတည် လုပ်ဆောင်လာနေသဖြင့် တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် အဖျက်အမှောင့် ဆောင်ရွက်နေသာ အကြမ်းဖက်အုပ်စုများကို ဆက်လက်ဖော်ထုတ်ဖမ်းဆီး၍ ထိရောက်ပြင်းထန်စွာ အရေးယူသွား မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။