နေပြည်တော် ဒီဇင်ဘာ ၂၆
အကောက်ခွန်ဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက် ၁ဝ နာရီခွဲအချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာ၊ (၁၆)မိုင်ပူးပေါင်းစစ်ဆေးရေးစခန်းတွင် မူဆယ်မှ မန္တလေးသို့ မောင်းနှင်လာသည့် ခြောက်ဘီးမော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးစဉ် ယာဉ်မောင်းမှာ ထွက်ပြေး တိမ်းရှောင်သွားပြီး ယာဉ်ပေါ်၌ တားမြစ်ကန့်သတ် ကုန်ပစ္စည်းများ ပါရှိသဖြင့် အဆိုပါယာဉ်အား ပြည်ကြီးတံခွန်မြို့နယ်၊ အကောက်ခွန် ဦးစီးဌာနမှူးရုံးသို့ မောင်းနှင်ပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ အသေးစိတ် ရှာဖွေခဲ့ရာ ယာဉ်ပေါ်ရှိ စက္ကူ ဂျပ်ဖာများ အတွင်းမှ အိုက်စ် ၃၄၃ ကီလို သိမ်းဆည်းရမိသဖြင့် စုံစမ်းစစ်ဆေး ဖော်ထုတ်ချက်အရ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ သင်ပန်းကုန်းရပ်ကွက်၊ ၅၂ လမ်းနှင့် လမ်း ၁၂ဝ ကြား၊ အမှတ်(ညည-၅၉/၅၅)တွင် ရဲစိန်အားလည်းကောင်း၊ ညနေ ၄ နာရီအချိန်ခန့်တွင် ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၂)ရပ်ကွက်၊ လမ်း ၆ဝ နှင့် ၆၁ လမ်းကြား၊ အမှတ်(၁၄ဝ)တွင် ယာဉ်မောင်း သန်းစိုးအားလည်းကောင်း ဖမ်းဆီးရမိခဲ့သဖြင့် ရဲစိန် ၄၂ နှစ်၊ သန်းစိုး ၃၈ နှစ်တို့အား ဥပဒေအရ အမှုဖွင့် အရေးယူထားရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။