မန္တလေးမြို့တွင် ဆူပူဆန္ဒပြသူများအား ခေတ္တထိန်းသိမ်းထားရာမှ ခံဝန်ကတိဖြင့် ပြန်လည်စေလွှတ်

နေပြည်တော်  ဖေဖော်ဝါရီ   ၁ဝ

၂ဝ၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ စတင်ကာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေ အဖြစ် သတ်မှတ်ကြေညာပြီးနောက် နိုင်ငံအတွင်းရှိ  အချို့မြို့ကြီးများတွင်  ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လာသည့်အတွက် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်  အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့်  ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်ပျက်ပြားစေသည့် အပြင် ရုန်းရင်းဆန်ခတ်မှုများ   ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၁၄၄ ကို ထုတ်ပြန်ကာ လူငါးဦး သို့မဟုတ်   ငါးဦးအထက်ပိုသော လူစုလူဝေးမပြုရန် တားမြစ်ချက်များ ထုတ်ပြန်ခဲ့သည်။

ထိုသု့ိထုတ်ပြန်ထားသည့် မြို့နယ်များတွင် ပါဝင်ခဲ့သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မန္တလေးမြို့ပေါ် နေရာများတွင် ဖေဖော်ဝါရီ ၉ ရက်က ဆူပူဆန္ဒပြသူများမှလူစုလူဝေးပြုလုပ်ခြင်း၊ ကြွေးကြော်သံများကြွေးကြော်ခြင်း၊ လှုံ့ဆော်ဆန္ဒပြခြင်း၊ ရုန်းရင်းဆန်ခတ်ပြုမူခြင်းများ ဆောင်ရွက်သဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များက မေတ္တာရပ်ခံခဲ့သော်လည်း ဆူပူဆန္ဒပြသူများမှ ပြန်လည်ဆဲဆိုခြင်း၊ အရာဝတ္ထုများဖြင့် ပစ်ပေါက်ရန်စခြင်းများ ပြုလုပ်လာကြသည်။ ယင်းကဲ့သို့ ပြုလုပ်လာသည့်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက   ဆူပူအကြမ်းဖက်မှု ဖြိုခွဲရေး လုပ်ငန်းစဉ်များအတိုင်းဖြိုခွဲကာ တရားဥပဒေ စိုးမိုးမှုရှိစေရေးအတွက် ဆူပူဆန္ဒပြသူများအနက်မှ ၈၉ ဦးကို ခေတ္တ ထိန်းသိမ်း ထားရှိခဲ့သည်။

အဆိုပါ ခေတ္တထိန်းသိမ်းထားသူများအား ကောင်းမွန်စွာ ထိန်းသိမ်းထားရှိခဲ့ကာ ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်း ဒေသကြီး၊စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးကျော်ကျော်မင်း ဦးဆောင်သည့် အဖွဲ့များဖြင့် ပုသိမ်ကြီးမြို့နယ် ရဲစခန်းတွင်တွေ့ဆုံပြီး အကြီးအကဲများက သဘောထားကြီးစွာဖြင့် ပြန်လည်စေလွှတ်ပေးခဲ့သည်များကို ရှင်းလင်းပြောကြား၍ ခေတ္တထိန်းသိမ်းခံရသည့် ၈၉ ဦးအား ဆူပူဆန္ဒပြမှုများတွင် ထပ်မံပါဝင်မှု မရှိစေရန် ဝန်ခံကတိ လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာ နေရပ်များသို့ ပြန်လည် စေလွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။