မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ အမျိုးသား သွေးလှူဘဏ်သို့ စုပေါင်း သွေးလှူဒါန်း

နေပြည်တော်၊ ဒီဇင်ဘာ - ၃၀

  မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အထွေထွေရောဂါကု ဆေးရုံကြီး၊ အမျိုးသား သွေးလှူဘဏ်၌ သွေးမျိုးစုံ လိုအပ်လျက် ရှိကြောင်း သိရသဖြင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက ယနေ့နံနက်ပိုင်းတွင် နန်းမြို့တွင်းရှိ နယ်မြေခံ တပ်ရင်းခန်းမ၌ စုပေါင်း သွေးလှူဒါန်းကြသည်။

 သွေးလှူဒါန်းမှုတွင် အရာရှိ၊ စစ်သည်၊ မိသားစုဝင် စုစုပေါင်း ၁၁၃ ဦးတို့က သတ်မှတ်နေရာ အသီးသီး၌ စုပေါင်း သွေးလှူဒါန်းကြသည်။ ယင်းသို့ သွေးလှူဒါန်းနေမှုများကို တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနှင့် အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး သွေးအလှူရှင်များအတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ယင်းနောက် မန္တလေးအထွေထွေရောဂါကု ဆေးရုံအုပ်ကြီးကိုယ်စား၊ အမျိုးသား သွေးလှူဘဏ် ညွှန်ကြားရေးမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။ အဆိုပါ သွေးလှူဒါန်းမှုသည် COVID-19 ရောဂါစတင် ဖြစ်ပွားသည့် အချိန်မှစ၍ ယနေ့အထိ စုပေါင်း သွေးလှူဒါန်းမှု(၁၃)ကြိမ်နှင့် သွေးလှူဒါန်းသူ ၇၈၃ ဦး လှူဒါန်းပေးနိုင်ခဲ့ပြီဖြစ်ကြောင်း သတင်းရရှိသည်။