မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် အမှတ်(၁၂)အစုန် လူစီးအမြန်ရထားပေါ်မှ WY စာတန်းပါ စိတ်ကြွမူးယစ် ဆေးပြားများ သိမ်းဆည်းရမိ
နေပြည်တော် ဩဂုတ် ၂၉
မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် အမှတ်(၁၂)အစုန် လူစီးအမြန်ရထားပေါ်မှ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဩဂုတ်လ ၂၇ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၅၀ တွင် မန္တလေးမှ ရန်ကုန်သို့ ထွက်ခွာလာသည့် အမှတ်(၁၂) အစုန် လူစီးအမြန်ရထားသည် ပျဉ်းမနားနှင့် ပြည်ဝင်ဘူတာအကြား ရောက်ရှိစဉ် ရထား၏ အထက်တန်းတွဲ(၁)၊ ခုံအမှတ် A-3, A-4 ၏ အပေါ်ဘက် ပစ္စည်းတင်စင်နှင့် ထိုင်ခုံ၏ရှေ့တို့တွင် ကျောပိုးအိတ်(၂)လုံးနှင့် မြွေရေခွံအိတ်များ ထည့်ထားသည့်ခြင်း(၂)လုံးတို့ကို ပိုင်ရှင်မဲ့တွေ့ရှိရသဖြင့် မသင်္ကာ၍ ရထားလုံခြုံရေးရဲတပ်ဖွဲ့နှင့် မြန်မာ့မီးရထားတာဝန်ရှိသူများက စစ်ဆေးခဲ့ရာ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြားများ ထည့်ထားသည့် ပလတ်စတစ်အထုပ်ကြီး (၅၀)ကိုတွေ့ရှိခဲ့ပြီး အထုပ်ကြီး(၁)ထုပ် အတွင်း၌ အထုပ်ငယ် (၅)ထုပ်ပါရှိကာ အထုပ်ငယ်(၁)ထုပ်အတွင်း ဆေးပြား (၇၅၀၀)ခန့်ပါရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။
စစ်ဆေးတွေ့ရှိချက်အရ WY စာတန်းပါ စိတ်ကြွမူးယစ်ဆေးပြား စုစုပေါင်း ၄၆၁၉၄၅ ပြား၊ အလေးချိန် 36.96 kg စုစုပေါင်း တန်ဖိုးငွေကျပ် သိန်းကိုးထောင်ကျော်ခန့်ဖြစ်ပြီး အမှတ်(၁၂)အစုန် လူစီးအမြန်ရထား၏ ထိုင်ခုံဇယားအား စိစစ်ရာ အဆိုပါ ခုံအမှတ် A-3, A-4 တို့တွင် သာစည်-ရန်ကုန် ခရီးစဉ်အဖြစ် သန်းဇော်ဦး၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ်၊ ၈/စလန(နိုင်) ၁၃၉၈၁၇ နှင့် စိုင်းသက်အောင်၊ နိုင်ငံသား စိစစ်ရေးကတ်အမှတ်၊ ၁၃/တကန(နိုင်) ၃၂၁၆၉၆ တို့က ဝယ်ယူထားကြောင်း သိရှိရသဖြင့် ပိုင်ရှင်အား ဆက်လက်စုံစမ်း စစ်ဆေးလျက်ရှိကြောင်းနှင့် အမှုအမှတ်(ပ)၂၀/၂၀၂၄၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)၊ ၂၀(က) ဖြင့် ပျဉ်းမနားမြို့မရဲစခန်းတွင် အမှုဖွင့်လှစ် ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။