မန္တလေးရတနာပုံမြို့တည်နန်း တည် မင်းတုန်းမင်းတရားကြီး တည်ထားတော်မူခဲ့သော အောင်မြေသာဇံမြို့နယ်ရှိ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား စေတီတော် မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ကပ်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မ

မန္တလေးရတနာပုံမြို့တည်နန်း တည် မင်းတုန်းမင်းတရားကြီး တည်ထားတော်မူခဲ့သော အောင်မြေသာဇံမြို့နယ်ရှိ မဟာလောကမာရဇိန်ကုသိုလ်တော်ဘုရား စေတီတော် မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ကပ်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော်၊ ဇူလိုင် - ၁၂

        မန္တလေးရတနာပုံမြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီး တည်ထားတော်မူ ခဲ့သော မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာဇံမြို့နယ်ရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား စေတီတော်မြတ်ကြီး၏ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်း၊ စိန်ဖူးတော်နှင့်ငှက်မြတ်နားတော်ကပ်လှူပွဲနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသဝ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

        ဦးစွာ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများ၊ အလှူရှင်များက ဆရာတော်ကြီးများထံ စိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး တိုင်းသံဃာ မဟာနာယကအဖွဲ့ဥက္ကဌ မစိုးရိမ်တိုက်သစ်၊ ဓမ္မဂါရဝကျောင်းဆရာတော် ဘဒ္ဒန္တ တိက္ခိန္ဒြိယာဘိဝံသ ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြကာ လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

        ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များ၊ တက် ရောက်လာကြသူများက စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်လျက် စေတီ တော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်၍ အမွှေးနံသာရေများဖြင့် ပျက်ဖျန်း ပူဇော်ကြကာ  မင်္ဂလာရထားပျံဖြင့် စေတီတော် အထွဋ်သို့ တင်လှူပူဇော်ကြသည်။

        ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်တို့က မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓဘိသိတ်သွန်းလောင်း တော်မူကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အလှူရှင်များက ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြကာ ကြွရောက်လာသော ဧည့်ပရိတ်သတ်များအား နေ့လည်စာဖြင့် ကျွေးမွေးလှူဒါန်းခဲ့ကြ ကြောင်း သတင်းရရှိသည်။