မန်ယူအသင်းက ရီးယဲလ်မက်ဒရစ်အသင်းမှ ခံစစ်ကစားသမားဗာရာနီကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၅၀ ဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိကြောင်း သတင်းထွက်ပေါ်
မန်ယူအသင်းက ရီးယဲလ်မက်ဒရစ်အသင်းမှ ခံစစ် ကစားသမား ဗာရာနီကို ပြောင်းရွှေ့ကြေး စတာလင် ပေါင် သန်း ၅၀ ဖြင့် ငါးနှစ်စာချုပ်ချုပ်ဆိုရန် သဘော တူညီမှုရရှိခဲ့ကြောင်း သတင်းထွက်ပေါ်နေသည်။မန်ယူအသင်းသည် အစောပိုင်းကတည်းက ဗာရာနီ ကိုခေါ်ယူရန် ကြိုးပမ်းနေကာ ဇွန်လက ကစားသမားနှင့်သဘောတူညီမှုရရှိခဲ့ပြီးနောက် ယခုအခါ ရီးယဲလ်မက်ဒရစ်အသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြောင်းရွှေ့ကြေးအတွက် နောက်ဆုံးအဆင့် ဆွေးနွေးမှုများပြုလုပ်ခဲ့ရာ စတာလင်ပေါင် သန်း ၅၀ ဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ကြောင်းစပိန်အခြေစိုက်သတင်းဌာနများက ရေးသားဖော်ပြကြသည်။
ဗာရာနီအနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းတစ်နှစ်ကျန်ရှိနေသော်လည်း ရီးယဲလ် မက်ဒရစ်အသင်းက အစောပိုင်းကတည်းက ရောင်းချ ရန်ပြင်ဆင်နေကာ မန်ယူအသင်း၏ စတာလင်ပေါင် ၃၈ သန်းဖြင့် ကမ်းလှမ်းခဲ့ခြင်းကို ပယ်ချခဲ့သော်လည်း ပေါင် သန်း ၅၀ အထိ တိုးမြှင့်ကမ်းလှမ်းခဲ့ပြီးနောက် သဘောတူညီမှုရရှိခြင်းဖြစ်ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။ ဗာရာနီသည် ယခုရက်သတ္တပတ်အတွင်း မန်ယူအသင်းနှင့် ဆေးစစ်မှုခံယူကာ အပြီးသတ်စာချုပ်ချုပ်ဆို၍ လာရောက်ပူးပေါင်းဖွယ်ရှိသည်။
မန်ယူအသင်းသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းကလည်း ဒေါ့မွန်အသင်းမှ ဆန်ချိုကို စတာလင်ပေါင် ၇၂ သန်းဖြင့်ခေါ်ယူပြီးနောက် ယခုအခါ ဗာရာနီကိုလည်း ပြောင်းရွှေ့ကြေး စတာလင်ပေါင် သန်း ၅၀ ဖြင့် ခေါ်ယူ ရန်နီးစပ်လျက်ရှိရာ ဗာရာနီ၏အပြောင်းအရွှေ့ပြီးလျှင် အက်သလက်တီကိုအသင်းမှ ထရစ်ပီးယားကိုခေါ်ယူရန် စီစဉ်နေသည်။ လက်ရှိတွင် ထရစ်ပီးယားကို ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၁၈ သန်းဖြင့် ကမ်းလှမ်းထားပြီး သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။