မန်ယူအသင်းတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ကွင်းလယ်ကစားသမား ဖာနန်ဒက်ရရှိပြီး နှစ်နှစ် ဆက်ရရှိသည့် ငါးဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်

မန်ချက်စတာ၊ ဘောလုံး

၂၀၂၀-၂၀၂၁ ဘောလုံးရာသီ မန်ယူအသင်း တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုဖြစ်သည့် Sir Matt Busby ဆုကို ကွင်းလယ်ကစားသမား ဖာနန်ဒက်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အသက် ၂၆ နှစ်အရွယ် ဖာနန်ဒက်သည်  ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ ကာလက စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်း သို့ပြောင်းရွှေ့လာပြီး ပြီးခဲ့သည့်ဘောလုံးရာသီက အသင်းနှင့် ရာသီဝက်ခန့်သာကစားခဲ့ရသော်လည်း အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့မှုများကြောင့် မန်ယူအသင်း တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုဖြစ်သည့် Sir Matt Busby ဆုကို ဆွတ်ခူးရရှိခဲ့သကဲ့သို့ ယခု ဘောလုံး ရာသီတွင်လည်း အသင်း၏တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ထပ်မံရရှိခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို နှစ်နှစ်ဆက်ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

ဖာနန်ဒက်သည် ပြီးခဲ့သည့်ဘောလုံးရာသီဝက်က မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ခြင်းဖြစ်သော်လည်း  ပရီးမီးယားလိဂ် တစ်လတာအကောင်းဆုံး ကစားသမားဆုများကိုရရှိခဲ့ပြီး စံချိန်ကောင်းများစွာ ရယူနိုင်ခဲ့ သကဲ့သို့ ယခုဘောလုံးရာသီတွင် ရာသီတစ်လျှောက်လုံး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ကာ အဓိက ကစား သမားတစ်ဦးအဖြစ် ခြေစွမ်းပြနိုင်ခဲ့သည့်အတွက် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ခံစစ်ကစား သမား မက်ဂွိုင်ယာနှင့် လုရှောခ်တို့ကိုကျော်ပြီး အကောင်းဆုံးကစားသမားဆုကို သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။

မန်ယူအသင်းသမိုင်းတစ်လျှောက်တွင် အသင်း၏တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရရှိသည့် ကစား သမားများအဖြစ် ဖာနန်ဒက်မတိုင်မီက ဂိုးသမား ဒီဂီယာ၊ တိုက်စစ်မှူးဟောင်း နစ္စတယ်ရွိုင်း၊ အသင်း ခေါင်းဆောင်ဟောင်း  ရွိုင်ကိန်း၊  တိုက်စစ်ကစား သမားဟောင်း စီရော်နယ်ဒိုတို့ပြီးနောက် ဖာနန်ဒက်က ငါးဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်း ဖြစ်သည်။

ဖာနန်ဒက်သည် ယခုဘောလုံးရာသီတွင် ပြိုင်ပွဲစုံ စုစုပေါင်း အသင်းအတွက် သွင်းဂိုး ၂၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၂ ကြိမ်အထိ ဂိုးဖန်တီးမှုပြုလုပ်နိုင်ခဲ့သကဲ့သို့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း ၃၇ ပွဲ ပါဝင်ကစားခဲ့ ကာ ၁၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁၂ ကြိမ်ပြုလုပ်ထားကာ သွင်းဂိုးအများဆုံး ကစားသမားများစာရင်းတွင် စပါးအသင်းမှ ဟယ်ရီကိန်းနှင့် လီဗာပူးအသင်းမှ ဆာလက်ချ်တို့ပြီးလျှင် တတိယမြောက်သွင်းဂိုးအများဆုံး ကစားသမားအဖြစ်ရပ်တည်နေပြီး ပရီးမီးယားလိဂ် တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုအတွက်လည်း ထိပ်ဆုံးမှရေပန်းစားနေသူဖြစ်သည်။ ထို့ပြင် ၎င်းသည် ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက်တွင်လည်း တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးသွင်းယူ နိုင်ခဲ့သည့် ကွင်းလယ်ကစားသမားအဖြစ် စံချိန်တင်ထား ကြောင်း သိရသည်။    

Ref;MUTD.Com