မန်ချက်စတာ၊ ဘောလုံး
ပရီးမီးယားလိဂ်ပွဲစဉ် (၃၅) အဖြစ် မေ ၁၁ ရက် ညက မန်ယူအသင်းနှင့် လက်စတာအသင်းတို့ ယှဉ်ပြိုင် ကစားရာ မန်ယူအသင်းက အိမ်ကွင်း၌ ၂ ဂိုး-၁ ဂိုးဖြင့်ရှုံးနိမ့်ခဲ့သည့်အတွက် မန်စီးတီးအသင်းက ပြိုင်ပွဲပြီး ဆုံးရန် သုံးပွဲအလိုတွင် ချန်ပီယံဆုဖလား ဆွတ်ခူးရရှိနိုင်ခဲ့ကြောင်း သိရသည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲ ၃၅ ပွဲကစားပြီးချိန်တွင် အမှတ်ပေးဇယားထိပ်ဆုံးမှ ဦးဆောင်နေသည့် မန်စီးတီး အသင်းက ၂၅ ပွဲနိုင်၊ ငါးပွဲသရေ၊ ငါးပွဲရှုံး ရမှတ် ၈၀ ဖြင့် ဦးဆောင်နေပြီး မန်ယူအသင်းက ၃၅ ပွဲကစားပြီး ချိန်တွင် ပွဲ ၂၀ နိုင်၊ ၁၀ ပွဲသရေ၊ ငါးပွဲရှုံး ရမှတ် ၇၀ သာရရှိထားရာ မန်စီးတီးအသင်းက ရမှတ် ၁၀ မှတ်ဖြတ် တောက်ထားပြီး လက်ကျန်ပွဲစဉ်သုံးပွဲတွင် ရမှတ်ကိုးမှတ်သာစုဆောင်းနိုင်မည်ဖြစ်သည့်အတွက် မန်စီးတီး အသင်းက ပြိုင်ပွဲပြီးဆုံးရန် သုံးပွဲအလိုတွင် ချန်ပီယံဆုဆွတ်ခူးနိုင်ရန် သေချာခဲ့ခြင်းဖြစ်သည်။
ယခုဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ချန်ပီယံဆုကို မန်စီးတီးအသင်းက ပြိုင်ပွဲမပြီးဆုံးမီ ဆွတ်ခူး နိုင်ခဲ့သကဲ့သို့ တန်းဆင်းရမည့်အသင်းသုံးသင်း အတွက်လည်း ပြိုင်ပွဲမပြီးဆုံးမီရလဒ်ထွက်ပေါ်ခဲ့ပြီး အဆင့် (၁၈) နေရာမှ ဖူလ်ဟမ်၊ အဆင့် (၁၉) နေရာမှ ဝက်စ်ဘရွန်းနှင့် အဆင့်(၂၀)နေရာမှ ရှက်ဖီးလ်ယူနိုက်တက် အသင်းတို့က တန်းဆင်းရန် သေချာခဲ့ခြင်းဖြစ်သည်။
ယခုဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ချန်ပီယံလိဂ်ဝင်ခွင့်လေးနေရာအတွက် ပြိုင်ပွဲပြီးဆုံးရန် ငါးပွဲ အလိုတွင် ချန်ပီယံဆုရရှိခဲ့သည့် မန်စီးတီးအသင်းနှင့် အဆင့်(၂)နေရာမှ မန်ယူအသင်းတို့က နေရာအတွက် သေချာခဲ့ကာ လက်ကျန်နှစ်နေရာ အတွက် အဆင့်(၃)နေရာမှ လက်စတာအသင်းက တစ်ပွဲပိုကစားထားပြီး ရမှတ် ၆၆ မှတ်ဖြင့် အဆင့်(၃)၊ ချယ်လ်ဆီးအသင်းက ရမှတ် ၆၄ မှတ်ဖြင့် အဆင့်(၄)၊ ဝက်စ်ဟမ်းအသင်းက ရမှတ် ၅၈ မှတ်ဖြင့် အဆင့်(၅)၊ လီဗာပူးအသင်းက တစ်ပွဲလျော့ ရမှတ် ၅၇ မှတ်ဖြင့် အဆင့်(၆)နေရာ၌ ရပ်တည်နေသည့်အတွက် ချန်ပီယံ လိဂ်ဝင်ခွင့်လက်ကျန်နှစ်နေရာအတွက် အကြိတ်အနယ် ဆက်လက် ယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
မန်စီးတီးအသင်းသည် ၁၉၃၆-၁၉၃၇၊ ၁၉၆၇-၁၉၆၈၊၂၀၁၁-၂၀၁၂၊ ၂၀၁၃-၂၀၁၄၊၂၀၁၇-၂၀၁၈ နှင့် ၂၀၁၈-၂၀၁၉ ဘောလုံးရာသီတို့တွင် ချန်ပီယံဆုများ ဆွတ်ခူးနိုင်ခဲ့ပြီး ယခုဘောလုံးရာသီတွင်လည်း ချန်ပီယံဆု ထပ်မံရယူနိုင်ခဲ့သည့်အတွက် အသင်းသမိုင်းတစ်လျှောက် ခုနစ်ကြိမ်မြောက်ဆွတ်ခူးနိုင်ခဲ့ပြီး ပြိုင်ပွဲသမိုင်း တစ်လျှောက် ချန်ပီယံဆုဖလား အများဆုံးရရှိသည့် အသင်းများစာရင်းတွင်လည်း မန်ယူ၊ လီဗာပူး၊ အာဆင်နယ်နှင့် အဲဗာတန်အသင်းတို့နောက်တွင် ချန်ပီယံဆုခုနစ်ကြိမ်နှင့် အက်စ်တွန်ဗီလာအသင်းနှင့် အကြိမ်ရေတူဖြင့် ပူးတွဲရပ်တည်နိုင်ခဲ့သည်။
မန်စီးတီးအသင်းသည် ယခုဘောလုံးရာသီတွင် ကာရာဘောင်းဖလားကို ဆွတ်ခူးရရှိခဲ့ပြီး ယခုအခါ ပရီးမီးယားလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်သည့်အတွက် ဆုဖလားနှစ်လုံးပိုင်ဆိုင်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လည်း ဗိုလ်လုပွဲစဉ်အထိတက်ရောက်ထားခဲ့သည့်အတွက် ဆုဖလားသုံးလုံးရရှိရန် မျှော်လင့်ချက်ရှိနေဆဲဖြစ် ကြောင်း သိရသည်။
Ref;Dailymail