မဟာအောင်မြေမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူဆန္ဒပြမှု ဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို တပ်မတော်ဆေးရုံများတွင် အထူးကြပ်မတ် ကုသပေးလျက်ရှိ

နေပြည်တော်  ဖေဖော်ဝါရီ   ၁ဝ

လက်ရှိအချိန်တွင် နိုင်ငံအတွင်းရှိ အချို့မြို့ကြီးများ၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့် အများပြည်သူတို့၏ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်း သာယာရေးကို ထိခိုက်ပျက်ပြားစေသည့်အပြင် ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားစေနိုင်သည်ဟု ယုံကြည်ယူဆသဖြင့် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ-၁၄၄  ကို  ထုတ်ပြန်၍  လူငါးဦး သို့မဟုတ် ငါးဦးထက်ပို၍ လူစုဝေးခြင်း မပြုရန် တားမြစ်ချက်များအား ထုတ်ပြန် ထားရှိပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် လုံခြုံရေး တာဝန်တို့ကို နေ့ညမပျက် ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း ဆူပူဆန္ဒပြသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လုံခြုံရေးယာဉ်များ ထိခိုက်ပျက်စီးခဲ့သည်။ အဆိုပါဒဏ်ရာ ရရှိသူများအား မန္တလေးမြို့နှင့် ပြင်ဦးလွင်မြို့တို့ရှိ တပ်မ တော်ဆေးရုံများ၌ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူ များက သွားရောက်ကြည့်ရှု အားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်ကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက် ရှိသည်။

ထိခိုက်ဒဏ်ရာရရှိသည့် ရဲတပ်ဖွဲ့ဝင် များအနက် ရဲအရာရှိတစ်ဦးမှာ ဦးခေါင်းတွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးခေါင်းရိုးအတွင်း သွေးခဲခြင်း ဒဏ်ရာဖြင့် ပြင်ဦးလွင်တပ်မတော်ဆေးရုံ အရေးပေါ်ဌာနတွင် အထူးကြပ်မတ် ကုသမှုခံယူလျက် ရှိကာ အသက်အန္တရာယ် စိုးရိမ်ရသည့် အနေအထားတွင် ရောက်ရှိနေကြောင်း သိရှိ ရသည်။  တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့ ဝင်များအနေဖြင့် တိုင်းပြည်အပေါ် သစ္စာရှိသည့် နိုင်ငံ့ဝန်ထမ်းကောင်း တစ်ဦးဆုံးရှုံးမှု မရှိစေရေး နေ့ညမပျက် ကြိုးပမ်းကုသပေး လျက်ရှိသည်။

နိုင်ငံအဝှမ်း၌ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လျက်ရှိရာ အေးချမ်းစွာ ဆန္ဒထုတ်ဖော်သူ များရှိသကဲ့သို့ ဆူပူအကြမ်းဖက်မှု ဖြစ်အောင်လှုံ့ဆော်နေသည့် အဖျက်အမှောင့်သမားများလည်း ပါဝင်နေသည့်အတွက် မိဘ ပြည်သူများအနေဖြင့် သတိပြုကြရန်နှင့်အထက်ပါဖြစ်စဉ်တွင် ပါဝင်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့်   ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်များကို ယခုလိုပဲ ကြားသိခဲ့ရပါသည်-

''မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်းနဲ့ ၇၃ လမ်းထောင့်မှာ ဆန္ဒပြနေတဲ့ လူစုကို ကျွန်တော်တို့ သွားရောက်ထိန်းသိမ်းတဲ့ တာဝန်ကျပါတယ်ခင်ဗျ။ အဲ့ဒီမှာ တာဝန်ထမ်းဆောင်ရင်းနဲ့ မွန်းလွဲ ၂ နာရီခွဲခန့်မှာ ၇၃ လမ်းထောင့်ကနေ အပြင်ကိုထွက်တော့  အဲ့ဒီမှာ ပြည်သူလူထုအင်အား ထောင်ဂဏန်းလောက်က ထိုင်ပြီးတော့ ဆန္ဒပြနေ ပါတယ်။ ကျွန်တော်တို့အနေနဲ့ သူတို့ကို  လမ်းပိတ်ထားတာကို ဖယ်ရှားပေးဖို့အတွက် အကြိမ်ကြိမ်အခါခါ ပြောပါတယ်။ တရားဥပဒေအရ   နည်းလမ်းတကျ ဖြေရှင်းဖို့ ကျွန်တော်တို့ရဲ့ အထက်လူကြီးတွေကလည်း အကြိမ်ကြိမ်အခါခါ ပြောဆိုပါတယ်။ ဒါပေမဲ့ မရတဲ့အတွက် ကျွန်တော်တို့က သူတို့အပေါ်ကနေ ရေအနည်းငယ်ဖျန်းတဲ့ အချိန်မှာ သူတို့အနည်းငယ် လူစုကွဲသွား ပါတယ်။ အဲ့ဒီနောက်မှာ ဆူပူအကြမ်းဖက်မှု ပြုလုပ်လိုတဲ့  လူတချို့ကနေပြီး  ရေသန့် ဘူးတွေ၊  ခဲတွေနဲ့  စပြီးပစ်ခတ်ပါတယ်ခင်ဗျ။  ကျွန်တော့်လက်မောင်းနဲ့ ဦးခေါင်းမှာ   အနည်းငယ် ဒဏ်ရာရရှိခဲ့ပါတယ်။ ကျွန်တော့်သူငယ်ချင်းကတော့   အခုချိန်ထိ သတိမရသေးပါဘူးခင်ဗျ။ အခုလို စစ်ဆေးရုံမှာ လာရောက်ပို့ဆောင် ပေးခဲ့ပြီးတော့ ကျွန်တော်ကလည်း  လူနာစောင့် အနေနဲ့ သူငယ်ချင်းကို ကူညီစောင့်ရှောက် ပေးနေတာပါခင်ဗျ။ တပ်မတော်နဲ့ မြန်မာ နိုင်ငံရဲတပ်ဖွဲ့က တစ်သွေးတည်းတစ်သား တည်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အတူတကွ နိုင်ငံတည်ငြိမ် အေးချမ်းအောင် ပူးပေါင်းဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ လည်းဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ရဲအရာရှိတစ်ယောက် အနေနဲ့ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမှာဖြစ်ပါတယ်'' ဟု လူနာစောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

''ဆန္ဒပြပြည်သူတွေက ဆန္ဒပြပါတယ်။ အဲ့ဒီအချိန်မှာ မြို့နယ်မှူးတို့၊ ခရိုင်ရဲတပ်ဖွဲ့မှူး တို့ကို သွားပြီးပြောဆိုပါတယ်။ ခရိုင် အုပ်ချုပ်ရေးကလည်း ပါတယ်။ အဲ့ဒီအဖွဲ့တွေကို ကျွန်တော်တို့ ညှိနှိုင်းဆောင်ရွက်ပါတယ်။ ဒုတိယအချက်အနေနဲ့ ကျွန်တော်တို့ အဲ့မှာထပ်ပြီးတော့မှ အားလုံးကနေ သူတို့ကို ဖျောင်းဖျပါတယ်။ ပြောပြပါတယ်။ တတိယ အချက်အနေနဲ့ကတော့ ကျွန်တော်တို့ ဒီမှာ ရှိတဲ့ ရဲတပ်ရင်းကတုတ်၊ ဒိုင်းသမားလေးတွေက ဆင်းပြီးတော့မှ လူစုခွဲဖို့အတွက် ရှေ့ကိုတိုးပြီးတော့ လမ်းဖွင့်ပါတယ်။ သို့သော် အဲ့မှာဆန္ဒပြလူထုကြီးကနေ ကျွန်တော်တို့ကို ဆဲဆိုပြီးတော့မှ ရေသန့်ဘူးတွေနဲ့ စပစ်တာ ပါ။ ရေသန့်ဘူးတွေ၊ ကျောက်ခဲတွေနဲ့ စပစ်ပြီးတဲ့အခါ ကျွန်တော်တို့က အဲ့ကားတွေနဲ့  ရှေ့ကထွက်တယ်။ ကျွန်တော်တို့ နောက်ကကားတွေက တောက်လျှောက်လိုက်တယ်။ လိုက်တဲ့အချိန်မှာပဲ အဲ့ဒီမှာ ကျွန်တော်တို့ ၃၈ လမ်းအတိုင်း ဆက်သွားတဲ့အချိန်မှာ ဘေးဝဲယာအိမ်တွေကလည်း အုတ်ခဲကျိုး တွေ၊ ကျောက်ခဲတွေနဲ့ ပေါက်ပါတယ်။ ဒီဘက်ကနေ ၇၃ လမ်းပေါ်က လူတွေက ကျောက်ခဲတွေနဲ့ရယ်၊ ရေသန့်ဘူးတွေနဲ့ရယ် ဆက်တိုက်ပေါက်တယ်။ ကျွန်တော် တို့ကားတန်းကို လုံးဝဖောက်ခဲ့ပါတယ်။

တပ်ရင်းတပ်ဖွဲ့ကတော့ ကျွန်တော်ရယ်၊ ကျွန်တော့် ယာဉ်မောင်းလေးရယ်၊ ဒုရဲမှူး တစ်ယောက်ရယ်၊ နောက် သာမန်ဒဏ်ရာရတဲ့ ရဲမှူးကျော်သာဦးရယ်၊ နောက်ရဲတပ်ရင်း ကနေ ဒဏ်ရာရတဲ့ ရဲအုပ်လေးရယ်၊ ကျန်တဲ့ အခြားအဆင့် တပ်ဖွဲ့ဝင်တွေရယ်၊ အားလုံး  ကျွန်တော်တို့ ခုနစ်ယောက်ဒဏ်ရာရခဲ့ပါ တယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် ကတော့ ကျွန်တော်နဲ့ နောက်ထပ် ဒုရဲအုပ်တစ်ယောက်ရယ်၊ အခြားအဆင့် တစ်ယောက်ရယ်က တော့ ပြင်ဦးလွင်ကို နှစ်ယောက်ပို့ပြီးတော့မှ ကျွန်တော်ကတော့ ဒီမှာဆေးရုံတက်နေရပါတယ်။ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် တော့ ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေးရယ်၊ လုံခြုံရေးတာဝန်ကို ရဲတပ်ဖွဲ့အနေနဲ့ ဆောင်ရွက်နေတာပါ။ ဆန္ဒပြသူ လူထုကြီး

အနေနဲ့ ကျွန်တော်တို့က လူစုလူဝေးနဲ့ ပတ်သက်ပြီးတော့ ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေရှိတယ်။ အဲ့ဒီညွှန်ကြားချက်တွေကို လိုက်နာဖို့ပေါ့။ မလိုက်နာခဲ့ရင် တော့ ကျွန်တော်တို့က ဒီဆန္ဒပြလူစုကြီးကို လူစုခွဲပြီးတော့  ကျွန်တော်တို့က တရားဥပဒေစိုးမိုးရေးနဲ့အညီ    ဆောင်ရွက်ပါတယ်။ သို့သော်လည်း ဒီအပေါ်မှာ အကြမ်း ဖက်မှုလုပ်ရပ်တွေနဲ့  ဒီလိုရေသန့်ဘူးတွေ၊ ကျောက်ခဲတွေနဲ့  ပစ်ပေါက်ခြင်းတွေက လူထုရဲ့  ငြိမ်းချမ်းစွာဆန္ဒပြတဲ့သဘော မသက်ရောက်ဘူးလို့  ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ဟာ ရဲတပ်ဖွဲ့ရယ်၊ တပ်မတော်ရယ်ဟာ လုပ်ငန်း တာဝန်တစ်ခုတည်းကို အမိန့်နဲ့ညွှန်ကြား ချက်အပေါ်မှာ လိုက်နာဆောင်ရွက်ရတဲ့  တပ်ဖွဲ့ဝင်တွေဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းတာဝန်သည် တရားဥပဒေဆိုရင် ဘယ်အစိုးရ တက်တက် တရားဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက်ကြောင့်  လုပ်ငန်းတာဝန် အားလုံးဟာ ဒီအတိုင်းပဲလို့ ပြည်သူတွေကို နားလည်စေချင်ပါတယ်''ဟု  ဆေးရုံတက်ရောက် ကုသမှုခံယူနေသူ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။