မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်း ခွဲအား အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီး

မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်ရှိ အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်း ခွဲအား အကြမ်းဖက်သမားများက လက်ပစ်ဗုံးဖြင့် ဖောက်ခွဲဖျက်ဆီး

နေပြည်တော်၊ နိုဝင်ဘာ ၂၉

အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုများနှင့် တရားဥပဒေ စိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးတာဝန်ရှိသူများအား ထိခိုက်ဒဏ်ရာ ရရှိစေရန် ရည်ရွယ်ချက်များဖြင့် အချို့နေရာများတွင် အကြမ်းဖက်ဖောက်ခွဲဖျက်ဆီးခြင်းများကို လုပ်ဆောင်လျက်ရှိသည့်အပြင် ကလေးသူငယ်များပညာသင်ကြားနေသည့် စာသင်ကျောင်းများ ကိုပါ လက်လုပ်ဗုံးများ၊ လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးလျက်ရှိသည်။
ထိုသို့ အကြမ်းဖက်လုပ်ရပ်များပြုလုပ်လျက်ရှိရာ နိုဝင်ဘာလ ၂၈ ရက်နေ့ ညနေ ၅ နာရီ ခန့်တွင် မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက်၊ ၃၅ လမ်း၊ ၃၆ လမ်း၊ ၅၆ လမ်းနှင့် ၅၇ လမ်းကြားရှိ အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်းခွဲသို့ ဆိုင်ကယ်မောင်းနှင်လာသည့် အကြမ်းဖက်သူ အမျိုးသား ၂ ဦးက လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်ပစ်ဗုံးမှာ ကျောင်းဝင်းအတွင်းရှိ အေးမြမေတ္တာကျောင်းဆောင်နှင့် ကျောင်းအုတ်နံရံကြားသို့ ကျရောက်ပေါက် ကွဲခဲ့သဖြင့် ကျောင်းဆောင် မျက်နှာကျက်နှင့် သွပ်မိုး ၁ ချပ် ပျက်စီးခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်း ရရှိပါသည်။