မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၂၆

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်အတွင်းတည်ထားကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိသည့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင်ပင့်ဆောင်ပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဗုဒ္ဓဥယျာဉ်တော်အတွင်း၌ ကျင်းပ ပြုလုပ်သည်။
အဆိုပါ မင်္ဂလာအခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက်ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသ နှင့် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥက္ကဋ္ဌ ရွှေကျင်သာသနာပိုင် သီတဂူဆရာတော်ဘုရားကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်၊ ကောင်စီအတွင်းရေးမှူး၊ ကောင်စီတွဲဖက်အတွင်းရေးမှူး၊ ကောင်စီ ဝင်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ် ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့်ဇနီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မာရဝိဇယ ဗုဒ္ဓပူဇာဘွဲ့သီချင်းဖြင့် သီကျူးပူဇော်၍ မင်္ဂလာငွေခရု၊ အောင်စည် အောင်မောင်းတို့ကို အောင်ကြောင်းမင်္ဂလာအဖြစ် သုံးကြိမ် တီးခတ်ပူဇော်ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူကြသည့် သမန္တာမှစ၍ မေတ္တသုတ်၊ အာဋာနာဋိယသုတ်၊ ဓဇဂ္ဂသုတ်၊ ပုဗ္ဗဏှသုတ် ပရိတ်တော်များနှင့် ဇယမင်္ဂလာဂါထာတော်များကို နာယူ ကြည်ညိုကြပြီးနောက် ဘုရားဒါယကာ၊ ဒါယိကာမများက ရတနတ္တပူဇာ ဂါထာ တော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာ တို့ကို သံပြိုင်ညီညာ ရွတ်ဆိုပွားများ ပူဇော် ကြသည်။
ယင်းနောက် ဆရာတော်ကြီးများ အမှူးပြု၍ ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ရတနာ ပလ္လင်တော်အနီးရှိ သတ်မှတ်နေရာများတွင် နေရာယူကြပြီး ရတနာပလ္လင် တော် အထောက်အကူပြု သံမဏိစင်၊ ဆင်းတုတော် ထည့်သွင်းထားသည့် သံမဏိ ပန်းတောင်း၊ ဆင်းတုတော်အား ရတနာပလ္လင်တော်ထက်သို့ ပင့်ဆောင်ပူဇော်မည့် သံမဏိမျှော်စင်ကရိန်းနေရာ (၄) ခုတို့အား ပရိတ်နံ့သာရည်များ ပက်ဖျန်းပူဇော်၍ သိဒ္ဓိမင်္ဂလာ ဆင်ယင်သည်။
ထို့နောက် အခမ်းအနားမှူးက မင်္ဂလာအခါတော်စာတမ်းကို ဖတ်ကြားပြီး မင်္ဂလာအချိန်တော်တွင် ဦးဆောင်ဘုရားဒါယကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင် တော်ထက်သို့ စက်ခလုပ်နှိပ်၍ မင်္ဂလာစက်ယန္တရားများ ဖြင့် စတင်ပင့်ဆောင်ပူဇော် သည်။
ထို့နောက် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော် ထက်သို့ ပင့်ဆောင်ခြင်း လုပ်ငန်းများကို လုပ်ငန်းစဉ်အလိုက် ဆက်လက်ဆောင်ရွက်ရာ သံဃာ တော်အရှင်သူမြတ်များ ဦးဆောင်၍ “ဇယန္တော ဗောဓိယာ မူလေ” အစချီသည့် ဇယ မင်္ဂလာ အောင်ဂါထာတော်များကို ရွတ်ဆိုပူဇော်ကြသည်။
မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးအား ရတနာပလ္လင်တော်ထက်သို့ စတင် ပင့်ဆောင်ပူဇော်ရာတွင် ရတနာပလ္လင်တော်သည် အမြင့် ၁၈ ပေ၊ အလျား ၇၂ ပေ၊ အနံ ၅၄ ပေရှိကာ ယနေ့ပင့်ဆောင်သည့် ဆင်းတုတော်အပိုင်း (၁/၂/၃)တို့ကိုတွဲဆက်ထား သည့် ဆင်းတုတော်အစိတ်အပိုင်းကြီး၏ စုစုပေါင်းအလေးချိန်မှာ ၁၇၀၀ တန်ဖြစ် ကြောင်း၊ အဆိုပါ ဆင်းတုတော်အစိတ်အပိုင်းကြီးအား သံမဏိမျှော်စင် ဝန်ချီစက် အသုံးပြု၍ ရတနာပလ္လင်တော်ပေါ်သို့ စတင်ပင့်ဆောင်ခြင်းဖြစ်ပြီး ရတနာပလ္လင်တော် ပေါ်သို့ရောက်ရှိရန် ပင့်ဆောင်ချိန် ၇၂ နာရီခန့် ကြာမြင့်မည်ဖြစ်ကြောင်းသိရှိရသည်။
ဆက်လက်ပြီး အောင်ဆုမင်္ဂလာအမျှဝေစာတမ်းလွှာဖတ်ကြား၍ မေတ္တာပို့ အမျှ ပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကာ မဟာမင်္ဂလာအခမ်းအနား အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရတနာ ရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်းရှိ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ဆောက်ခြင်း၊ ဗုဒ္ဓဥယျာဉ် တော်အတွင်းရှိ သာသနိကအဆောက်အဦများ ထည့်သွင်းတည်ဆောက်ခြင်း၊ ပိဋကတ် ကျမ်းစာအုပ်များကို ပါဠိအက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ရန် စီမံဆောင်ရွက်ခြင်းတို့နှင့်ပတ်သက်၍ ဗန်းမော်ဆရာတော်ဘုရားကြီး၊ သီတဂူ ဆရာ တော် ဘုရားကြီးတို့ အမှူးပြုသည့် သံဃာတော်များထံမှ ဩဝါဒများကို ခံယူသည်။ ထို့ နောက်ဆရာတော်ကြီးများအမှူးပြု၍ မာရဝိဇယဗုဒ္ဓဥယျာဉ်တော်အတွင်း တည်ဆောက် ပြီးစီးမှု အခြေအနေများကို လှည့်လည်ကြည့်ရှုခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဆရာတော်ကြီးများ သိရှိလိုသည်များကို ရှင်းလင်း လျှောက်ထားခဲ့ပြီး ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူသည်။
အဆိုပါ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို မြန်မာနိုင်ငံတွင် ထေရဝါဒဗုဒ္ဓ သာသနာတော်ကြီး ခိုင်မာစွာ ထွန်းလင်းတောက်ပလျက်ရှိမှုအား ကမ္ဘာကိုပြသရန်၊ တိုင်းပြည်အေးချမ်း သာယာမှုရှိစေရန်၊ ရုပ်ပွားတော်မြတ်ကြီးအား ပြည်တွင်းပြည်ပ ဘုရားဖူးများ လာရောက်ခြင်းဖြင့် ဒေသတိုးတက်စည်ကားမှုဖြစ်စေရန်၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအထောက်အကူဖြစ်စေရန် စသည့် ရည်ရွယ်ချက် ၄ ရပ်ဖြင့် တည်ထား ကိုးကွယ်ရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် စကျင်ကျောက်တော်ကြီး မှ ထွက်ရှိလာနိုင်သည့် အတိုင်းအတာ၊ ထုထည်နှင့် အပြစ်အနာအဆာရှိမှုများအား သိရှိ နိုင်ရန် X-Ray ရိုက်စမ်းသပ်စစ်ဆေးခဲ့ကာ ဉာဏ်တော်နှင့် ပလ္လင်တော်များ ထုဆစ်ရရှိ နိုင်မည့် အခြေအနေများကို လေ့လာတွက်ချက်ခဲ့ကြောင်း၊ ထို့နောက် စကျင် ကျောက်တော်ကြီးတည်ရှိရာ မတ္တရာမြို့နယ်၊ စကျင်တောင်မှ ဆီမီးခုံဆိပ်ကမ်းထိ ရေလမ်းကြောင်းဖြင့်လည်းကောင်း၊ ၎င်းမှ တဆင့် မန္တလေး-ရန်ကုန် အမြန်လမ်း အတိုင်း နေပြည်တော်သို့ Modular Trailer များဖြင့်လည်းကောင်း အခက်အခဲများစွာ ကြားမှ ပင့်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း၊ နေပြည်တော်သို့ ရောက်ရှိလာသည့် ကျောက် တုံးတော်ကြီးများကို အဆင့်မြင့် နည်းပညာဖြစ်သည့် CNC Machine များဖြင့် ပုံဖော် ထုဆစ်ခြင်းလုပ်ငန်းများကို ကျွမ်းကျင်ပညာရှင်များ၊ ခေတ်မီစက်ကိရိယာများဖြင့် နေ့မအား၊ ညမနား ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း။
ထိုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီး ထုဆစ်နေသည့်နည်းတူ ဗုဒ္ဓဥယျာဉ်တော်ကြီး အတွင်း သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ ကျင်းပပြုလုပ်နိုင်မည့် သံဃာ အပါး ၁၂၀၀ နှင့် လူပရိတ်သတ်များ ဝင်ဆံ့နိုင်သော သာသနာ့ဗိမာန်တော်ကြီး အပါအဝင် အခြားသော သာသနိက အဆောက်အဦများစွာကိုလည်း ထည့်သွင်း တည်ဆောက်လျက်ရှိကြောင်း၊ ထို့ပြင် ဆရာတော်ကြီးများ၏ ဩဝါဒမိန့်ကြားချက် များအရ ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ်ကျမ်းစာများကို ကမ္ဘာကပါ သိရှိနိုင်ရေးအတွက် စကျင်ကျောက်ချပ်များပေါ်၌ ခေတ်မီစက်ကိရိယာများ အသုံးပြုပြီး ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ကျောက်စာတော်များ တည်ထားနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်း၊ ထုဆစ်ပြီးစီးသည့် ဗုဒ္ဓမြတ်စွာဘုရား၏ နှုတ်ကပါဌ်တော်လာ ပိဋကတ်သုံးပုံ အဋ္ဌကထာဋီကာကျမ်းစာများကို မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်လျက်ရှိပြီး ဘုရားဖူးလာ မိဘ ပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ချိန်တွင် ကျောက်စာတိုက်အတွင်းရှိ ပိဋကတ်သုံးပုံတော်လာ အဋ္ဌကထာဋီကာကျမ်းစာများကို တစ်ပါတည်း လေ့လာနာယူကြည်ညိုနိုင်ရေး စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ထို့ ပြင် ကမ္ဘာပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဖြန့်ဝေရန်အတွက်လည်း ပိဋကတ် ကျမ်းစာအုပ်များကို ပါဠိ အက္ခရာနှင့် Romanize Language တို့ဖြင့် ရိုက်နှိပ်ရန် စီမံဆောင်ရွက်လျက်ရှိကြောင်းနှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ရတနာပလ္လင်တော်ထက် ဗဟိုမဏ္ဍိုင် ဌာနတွင် ဌာပနာတော် သွင်းလှူပူဇော်ခြင်း အခမ်းအနားကို ဇန်နဝါရီ ၂၇ ရက် နံနက် ၈ နာရီတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။