မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဉယျာဉ် ဝတ္ထုကံတော်၊ ဆဋ္ဌသင်္ဂါယနာမူပိဋကတ်ကျောက်စာတော်များ စတင်ရေးထိုးပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဗုဒ္ဓဉယျာဉ် ဝတ္ထုကံတော်၊ ဆဋ္ဌသင်္ဂါယနာမူပိဋကတ်ကျောက်စာတော်များ စတင်ရေးထိုးပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၊ မေ - ၁၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓ ဥယျာဉ်တော်ဝတ္တုကံတော်အတွင်း တည်ထားပူဇော်မည့် ဆဋ္ဌသင်္ဂါယနာမူ ပိဋကတ် ကျောက်စာတော်များ စတင်ရေးထိုးပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မန္တလေးမြို့၊ ဗန်းမော်ကျောင်းတိုက်ဆရာတော်၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဒေါက်တာ ဘဒ္ဒန္တ ကုမာရာဘိဝံသ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ၊ နေပြည်တော်၊ လယ်ဝေးမြို့၊ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာ ရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒ၊ တပ်ကုန်း မြို့၊ မဟာသီဟနာဒကျောင်းတိုက် ဆရာတော် အဘိဓဇ မဟာရဋ္ဌဂုရု ဘဒ္ဒန္တ အာစိဏ္ဏတို့ အမှူးပြုသည့် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူ ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ အတွင်းရေးမှူး၊ တွဲဖက်အတွင်း ရေးမှူး ပြည်ထောင်စု တရားသူကြီးချုပ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးဥက္ကဋ္ဌ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ ဖွင့်လှစ်ကြ ပြီး သီတဂူဆရာတော်ကြီးထံမှ ကဆုန်လပြည့် ဗုဒ္ဓနေ့ဆိုင်ရာဓမ္မကထာကို နာယူ ကြည်ညိုပူဇော်ကြသည်။
ယင်းနောက် ဆရာတော်ကြီးများက အနေကဇာတိသံသာရံ အစချီဥဒါန်းဂါထာ၊ ပဋိစ္စသမုပ္ပါဒ် အနုလုံပဋိလုံပါဠိ၊ ယဒါဟဝေ သုံးဂါထာ၊ ပဋ္ဌာန်းပစ္စယုဒ္ဒေသပါဠိနှင့် ယဇမင်္ဂလာဂါထာတော် များကို ရွတ်ဆို ပူဇော်ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရတနတ္တယပူဇာ ဂါထာတော်နှင့် သဗ္ဗသင်္ဂါဟက မေတ္တာပို့လင်္ကာနှစ်ပိုဒ်ကို သံပြိုင်ညီညာသုံးကြိမ်ရွတ်ဆိုပွားများ ပူဇော်ကြသည်။
ယင်းနောက် ဗန်းမော်ဆရာတော်ကြီးနှင့် သီတဂူဆရာတော်ကြီးတို့က ပိဋကတ် ကျောက်စာတော် ရေးထိုးပူဇော်မည့် မင်္ဂလာစက်ယန္တရားများ၏ မင်္ဂလာလိုက်ကာများ ကို စက်ခလုတ်နှိပ် ၍ ဖွင့်လှစ်ပေးတော်မူကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်ယန္တရားများကို မင်္ဂလာစက်ခလုတ်နှိပ်၍ ပိဋကတ်ကျောက်စာတော် စတင်ရေးထိုးပူဇော်ပြီး ပရိတ်နံ့သာရည်များပက်ဖျန်းသည်။
ယင်းနောက် ဆရာတော်ကြီးများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ကျောက်စာ တော်များကို ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ရေးထိုးနေမှုများအား ကြည့်ရှုကြပြီး ပရိတ်နံ့သာရည်များ ပက်ဖျန်းကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ဗန်းမော်ဆရာတော်ကြီးနှင့် သီတဂူဆရာတော်ကြီးတို့အား မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီး၏ ဆင်းတုတော် အပိုင်း ၁၊ အပိုင်း ၂ ၊ အပိုင်း ၃ နှင့် အပိုင်း ၄ တို့ ထုဆစ်ပြီးစီးမှုနှင့် ဗုဒ္ဓဥယျာဉ် တည်ဆောက်ပြီးစီးမှု အခြေအနေများကိုပြသ ရှင်းလင်း လျှောက်ထားပြီး ဆရာတော်ကြီးများ၏ ဩဝါဒကိုခံယူသည်။
ယင်းနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က အခမ်းအနားအောင်မြင်ခြင်းအထိမ်းအမှတ် ရတနာ ရွှေမိုး၊ ငွေမိုးများ ရွာသွန်းဖြိုးသည်။
အဆိုပါ ကျောက်စာရုံစေတီများတည်ထားနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ရာတွင် ကျောက်စာချပ်ရေပေါင်း ၇၂၉ ချပ် စိုက်ထူထားပြီး ကမ္ဘာ့အကြီးဆုံးစာအုပ်ကြီး ဖြစ်သည့်အပြင် ၂၀၁၃ ခုနှစ်တွင် ယူနက်စကို ကမ္ဘာ့မှတ်တမ်း အမွေအနှစ်စာရင်း ဝင်ခဲ့သည့် မန္တလေးမြို့၊ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရားရှိ ပဉ္စသင်္ဂါယနာ တင် ပိဋကတ်ကျောက်စာရုံများအား အလေးထားစံပြု၍ တည်ထားကိုးကွယ်နိုင်ရေး ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ သမိုင်းမော်ကွန်းကျောက်စာထားရှိမည့် အလယ်ဗဟို ကျောက်စာရုံ စေတီသည် အလျား ၂၁ ပေ၊ အနံ ၂၁ ပေ၊ အမြင့် ၂၇ ပေရှိမည်ဖြစ်ပြီး အခြား ကျောက်စာရုံစေတီများအနေဖြင့် အလျား ၁၂ ပေ၊ အနံ ၁၂ ပေ၊ အမြင့် ၁၈ ပေ ရှိမည်ဖြစ်ကာ ကျောက်စာချပ်အနေဖြင့် အလျား ၄၅ လက်မ၊ အမြင့် ၆ ပေ ၃ လက်မ၊ ထု ၇ ဒသမ ၂ လက်မရှိမည်ဖြစ်ကြောင်း၊ ယခုပိဋကတ်ကျမ်းစာတော်များကို ရေးထိုး ပူဇော်ပြီးပါကလည်း ကျောက်စာချပ်များသည် ဗုဒ္ဓမြတ်စွာ၏ မုခပါဌ်တော်များကို ရေးထိုးပူဇော်ထားခြင်းဖြစ်သည့်အတွက် မာရဝိဇယ ဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ မျက်နှာတော်မူရာ ရှေ့မျက်နှာစာ၌ စိုက်ထူပူဇော်ထားရှိမည်ဖြစ်ပြီး ဘုရားဖူးလာ မိဘပြည်သူများအနေဖြင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ရာတွင် ကျောက်စာရုံစေတီများအတွင်းရှိ ဘုရားဟောဒေသနာတော်များကို ပြည့်စုံစွာ ကြည်ညိုလေ့လာနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ ရေးထိုး ပူဇော် နိုင်ရေး ဆောင်ရွက်ရာတွင် ကျမ်းစာတော်များကို စကျင်ကျောက်တော်များ၌ ခေတ်မီစက်ကိရိယာများ အသုံးပြု၍ ပါဠိအက္ခရာ၊ Romanize Language တို့ဖြင့် ရေးထိုးပူဇော်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။