မိမိသာ ဘာစီလိုနာအသင်း ဥက္ကဌသစ်ဖြစ်လာလျှင် နေမာကိုမခေါ်ဟု တိုနီဖရိုင်ဇာဆို

ဘာစီလိုနာအသင်း  ဥက္ကဌသစ်ရွေးချယ်ပွဲ၌   ပါဝင်ယှဉ်ပြိုင်မည့်  တိုနီဖရိုင်ဇာက မိမိသာ    အသင်းဥက္ကဌသစ်ဖြစ်လာလျှင် ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ခေါ်ယူမည်မဟုတ်ကြောင်း ပြောဆိုကာ   နေမာသည် လက်ရှိ ဥရောပ အကောင်းဆုံးကစားသမား ၃၀ ဦးစာရင်းတွင်ပင်  မပါဝင်နိုင်သူဟု ဝေဖန်ခဲ့သည်။

နေမာသည် ၂၀၁၇ ခုနှစ်က ဘာစီလိုနာ၌ မက်ဆီ၏လောင်းရိပ်မိနေသဖြင့် ရွှေဘောလုံးဆု ရလိုသောကြောင့်  ပီအက်စ်ဂျီသို့ ပြောင်းရွှေ့ခဲ့သူဖြစ်သည်။   နေမာသည် ပီအက်စ်ဂျီအတွက် ပွဲပေါင်း ၉၃ ပွဲကစားပေးခဲ့ရာတွင် ၇၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး မကြာသေးမီက နုတ်ထွက်သွားသော ဘာစီလိုနာဥက္ကဌ ဘာတိုမီယူက အသင်းအဓိကတိုက်စစ်မှူး မက်ဆီ၏ဆန္ဒအတိုင်းနေမာကို ပြန်ခေါ်ရန် ကြိုးစားခဲ့သေးသည်။

သို့သော် တိုနီဖရိုင်ဇာက ““နေမာရဲ့ စွမ်းဆောင်ရည်က လက်ရှိ ဥရောပ အကောင်းဆုံး ကစားသမား ၃၀ စာရင်းတောင် မဝင်ဘူး။ ဒါကြောင့် ကျွန်တော်ဥက္ကဌဖြစ်လာလည်း သူ့ကိုခေါ်မှာမဟုတ်ဘူး”” ဟု ပြောသည်။