နေပြည်တော်၊ မေ - ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ဝမ်ဟုန်ကျေးရွာရှိ ဝမ်ဟုန်ဆေးရုံ၌ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေးတပ်ရင်းမှ ဆေးတပ်ဖွဲ့ဝင်များဖြင့် ဝမ်ဟုန် ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား ဆေးဘက်ဆိုင်ရာမွမ်းမံသင်တန်း အမှတ်စဉ်(၂/၂၀၂၁)နှင့် ဆေးဘက်ဆိုင်ရာမွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၁)တို့ကို ဧပြီ ၅ ရက်မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။
အဆိုပါ သင်တန်းများသို့ ယနေ့နံနက်ပိုင်းတွင် တြိဂံဒေသတိုင်းဒေသတိုင်းစစ် ဌာနချုပ်၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်၍ သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအားပေးပြီး စားသောက်ဖွယ်ရာများပေးအပ်ကာ လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
အဆိုပါ ဆေးဘက်ဆိုင်ရာသင်တန်းအမှတ်စဉ်(၂/၂၀၂၁)ကို သင်တန်းသား၊ သင်တန်းသူ ၄၆ ဦးဖြင့် လည်းကောင်း၊ ဆေးဘက်ဆိုင်ရာမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၁)ကို သင်တန်းသား၊ သင်တန်းသူ ၂၄ ဦးဖြင့်လည်းကောင်း ဇွန် ၄ ရက်အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။