မိုနာကိုအသင်းကို အနိုင်ရရှိပြီး ပြင်သစ်ကိုပါဒယ်ဖလားကို ပီအက်စ်ဂျီအသင်း (၁၄) ကြိမ်မြောက်အဖြစ် ဆွတ်ခူးရရှိ

ပဲရစ်၊ ဘောလုံး

ပြင်သစ်ကိုပါဒယ်ဖလားဗိုလ်လုပွဲအဖြစ် မေ ၂၀ ရက် နံနက်က ပီအက်စ်ဂျီအသင်းနှင့် မိုနာကိုအသင်းတို့ ယှဉ်ပြိုင်ကစားရာ ပီအက်စ်ဂျီအသင်းက ၂ ဂိုး- ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး (၁၄) ကြိမ်မြောက်အဖြစ် ဆွတ်ခူး ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံး အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး ပီအက်စ်ဂျီအသင်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးဖြင့် ကစားနိုင် ခဲ့ကာ ပွဲချိန် ၁၉ မိနစ်တွင် အီကာဒီက ပီအက်စ်ဂျီ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးနိုင်ပြီး ပထမပိုင်းပြီးဆုံးချိန်တွင် ပီအက်စ်ဂျီအသင်းက ၁ ဂိုး-ဂိုးမရှိဖြင့် ဦးဆောင်နိုင် ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ချိန်တွင် မိုနာကိုအသင်း၏ ချေပဂိုးအတွက် ပြန်လည်ဖိအားပေးမှုများကြောင့် ပိုမိုအကြိတ်အနယ်ရှိလာခဲ့သော်လည်း မိုနာကိုအသင်းတိုက်စစ်ကစားသမားများ အဆုံးသတ် ပိုင်းအားနည်း မှုများရှိလာသဖြင့် ချေပဂိုးသွင်းယူရန် ရုန်းကန်ခဲ့ရသည့်အချိန်တွင် အမ်ဘပ်ပီက ပီအက်စ်ဂျီ အသင်းအတွက်    အနိုင်သေချာစေမည့်သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့၍  ပွဲပြီးဆုံးချိန်တွင်  ပီအက်စ်ဂျီ အသင်းက  ၂ ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိပြီး ချန်ပီယံ ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သည်။

ပီအက်စ်ဂျီအသင်းသည် ပြင်သစ်ကိုပါဒယ်ဖလား ပြိုင်ပွဲတွင် နောက်ဆုံးခုနစ်ကြိမ်ဆက် ဗိုလ်လုပွဲသို့တက် ရောက်နိုင်ခဲ့ပြီး ခြောက်ကြိမ်မြောက်ဗိုလ်စွဲနိုင်ခဲ့ ခြင်းဖြစ်ကာ ပြိုင်ပွဲသမိုင်းတစ်လျှောက်တွင်လည်း စုစုပေါင်း   ချန်ပီယံဆု(၁၄) ကြိမ်အထိ ရရှိထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်လျက်ရှိကြောင်း သိရသည်။

Ref;90MIN