မိုးကောင်းမြို့နယ်နှင့် ဆဒုံးမြို့နယ်အတွင်း KIA အဖွဲ့က အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်

နေပြည်တော်  မေ  ၇

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ဘက်မှ မိုးကောင်းမြို့ဘက်သို့ ယာဉ်မောင်း ဦးဇော်သန်း(ဘ)ဦးအင်ဘိုးလှ အပါအဝင် ယာဉ်မောင်း ၃ ဦးမောင်းနှင်၍ ကုန်ပစ္စည်းများ တင်ဆောင်လာသည့်  ၂၂ ဘီးယာဉ်၃ စီးသည် မေ ၆ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် မိုးကောင်းမြို့နယ်၊ ကညင်မြိုင်ကျေးရွာနှင့် တောင်နီကျေးရွာကြား မန္တလေး- မြစ်ကြီးနားသွားကားလမ်းသို့ အရောက်၌ KIA အဖွဲ့က ရီမုမိုင်း ၃ လုံးဖြင့် အကြောင်းမဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ယာဉ်မောင်း ဦးဇော်သန်းတွင် လေကာမှန်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ယာဉ် ၂ စီး၏ ရှေ့လေကာမှန်များ၊ အင်ဂျင်၊ ဘီးနှင့် ဆီတိုင်ကီတို့တွင် မိုင်းစထိမှန်ပျက်စီးခဲ့ကြောင်းနှင့် ဒဏ်ရာရရှိသူအား မိုးကောင်းမြို့ ပြည်သူ့ဆေးရုံသို့   ပို့ဆောင်ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရှိရသည်။

အလားတူ ဝိုင်းမော်မြို့၊ ထိန်မင်ငှက်ပျောကုမ္ပဏီမှ ယာဉ်မောင်း ဒွန်စိန်ကျုံး(ဘ)ဦးဒွန်အိုက်ကျုံးနှင့်   ဆွတ်ငိုင် ငှက်ပျောကုမ္ပဏီမှ လီကျန်း(ဘ) ဦးလီစင်ကျုံးတို့မောင်းနှင်သည့် ၂၂ ဘီးယာဉ် ၂ စီးသည် ယနေ့ နံနက် ၆ နာရီခွဲခန့်တွင် ငှက်ပျောသီး များတင်ဆောင်ရန် ကန်ပိုက်တီမြို့မှထွက်ခွာလာစဉ် ဆဒုံးမြို့၏ အနောက်ဘက် ၃ မိုင်ခွဲခန့်အကွာသို့အရောက်၌ KIA အဖွဲ့က လက်နက်ငယ်များ၊ မိုင်းများဖြင့် အကြောင်းမဲ့ ဖောက်ခွဲပစ်ခတ်ခဲ့ရာ ယာဉ်မောင်း လီကျန်းမောင်းနှင်သည့် မော်တော်ယာဉ်၏ လေကာမှန်များနှင့် ယာဉ်ကိုယ်ထည်များတွင် လက်နက်ငယ်ကျည်များ ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရသည်။

အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေများအတွင်း   လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ  တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း   သတင်းရရှိသည်။                        

     (၁၀၀)