မိုးညှင်းမြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား မော်တော်ယာဉ်ဖြင့် ဝင်ရောက်တိုက်ခဲ့သဖြင့် လိုက်လံဖမ်းဆီးရာမှ အမျိုးသား ၂ ဦး ဒဏ်ရာရရှိ
နေပြည်တော်၊ မတ်လ ၉ ရက်
၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် မိုးညှင်းမြို့၊ အရှေ့စုရပ်ကွက်၊ ရွှေသာလျောင်းဇာတ်ရုံတွင် ခေါင်းဆောင်(စိစစ်ဆဲ) လူစုလူဝေးအင်အား (၃၀၀) ဦးခန့် ဆူပူဆန္ဒပြနေကြသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဥပဒေနှင်အညီ အကြိမ်ကြိမ် လူစုခွဲရန် သတိပေးသော်လည်း ဆူပူဆန္ဒပြသူ လူစုလူဝေးမှ လူစုမခွဲသည့်အပြင် လုံခြုံရေးတာဝန်ဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များအား တုတ်များ၊ ခဲများ၊ လေးခွများဖြင့် ပစ်ခတ်ရန်ပြုလာသဖြင့် အဓိကရုဏ်းနှိမ်နှင်းရေးသုံး ၁၂ ဗို့ ပြောင်းချောသေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ရပါသည်။
ထိုသို့ ဖြိုခွဲရာမှ ထွက်ပြေးသည့် လူစုလူဝေးအား လိုက်လွဲရှင်းလင်းသော လုံခြုံရေး တပ်ဖွဲ့ဝင်များသည် စိမ်းရတနာမွန်တောင်ရပ်ကွက်၊ ဗောဓိလမ်းဆုံ၌ အခြေပြုနေစဉ် ယာဉ်အမှတ် NPW 9k/9288 Honda Fit အဖြူရောင် လိုင်စင် (စိစစ်ဆဲ)သည် လုံခြုံရေး တပ်ဖွဲ့ဝင်များအား အရှိန်ပြင်းစွာဖြင့် မောင်းနှင်ကာ ဝင်တိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များမှ ရှောင်တိမ်းခဲ့ရကာ ယာဉ်အား ရပ်တန့်စေရေး အဓိကရုဏ်းနှိမ်နှင်းရေးသေနတ်ဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရပါသည်။ အဆိုပါ မောင်းနှင် ထွက်ပြေးသွားသော ယာဉ်သည် စက်ကုန်းရပ်ကွက်၊ (၆)လမ်းထိပ်ရှိ နေအိမ်ခြံဝန်းအား ဝင်ရောက်တိုက်မိပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ မင်းခန့်ဝေ၊ (၂၄)နှစ်၊ (ဘ) ဦးစိုးနိုင်၊ အရှေ့စုရပ်ကွက်၊ မိုးညှင်းမြို့နယ်နေသူအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းအား စစ်ဆေးမေးမြန်း ချက်အရ ယာဉ်ပေါ်တွင် ၎င်းနှင့်အတူ လိုက်ပါလာသူ အမျိုးသား ၂ ဦး (စိစစ်ဆဲ)သည် ဒဏ်ရာရရှိကာ မော်တော်ဆိုင်ကယ်ဖြင့် ထွက်ပြေးသွားခဲ့ကြောင်း သတင်း ရရှိပါသည်။