နေပြည်တော်၊ မတ် - ၂၉
ကချင်ပြည်နယ်၊ မိုးမောက်မြို့မှ တာပိန်ရေအားလျှပ်စစ်စက်ရုံသို့ ထွက်ခွာလာသည့် မော်တော်ယာဉ်အား မတ် ၂၆ ရက်တွင် KIA အဖွဲ့က လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သဖြင့် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ တာပိန်ရေအားလျှပ်စစ်စက်ရုံမှ မြန်မာ အဂျင်နီယာတာဝန်ခံ ဦးဝင်းထွန်းနိုင်(ဒုတိယညွှန်ကြားရေးမှူး)နှင့် စက်ရုံသို့အလည်အပတ် လိုက်ပါလာသည့် ဦးသန့်ဇင် မြန်မာ့သစ်လုပ်ငန်း (မိုးမောက်မြို့နယ်ပြည်တွင်းထုတ်မန်နေဂျာ) နှင့် ၎င်း၏ မိသားစုဝင်များဖြစ်ကြသည့် ဇနီးဖြစ်သူ ဒေါ်ရွှေဇင်ထွေး၊ သမီးဖြစ်သူ မမိုးပွင့်ဖြူစင်သန့် အသက်(၁၈)နှစ်၊ မလင်းလက်ကြည်စင်သန့် အသက်(၉)နှစ်၊ သားဖြစ်သူ မောင်ဘုန်းပြည့်သန့် အသက်(၇)နှစ်တို့နှင့်အတူ မိုးမောက်မြို့မှ ပရိုဘောက်အမျိုးအစား မော်တော်ယာဉ်ဖြင့် မတ် ၂၆ ရက်ညနေ ၄ နာရီခန့်တွင် ထွက်ခွာလာခဲ့ကြောင်း၊ ထိုသို့ထွက်ခွာလာစဉ် ၎င်းတို့စီးနင်းလာသည့် မော်တော်ယာဉ်မှာ ညနေ ၅ နာရီ ၁၅ မိနစ်ခန့် အထိ ရောက်ရှိမှုမရှိသေးသဖြင့် မြန်မာအင်ဂျင်နီယာအဖွဲ့မှ ဆိုင်ကယ် ၃ စီးဖြင့် လိုက်လံ ရှာဖွေခဲ့ရာ မိုးမောက်မြို့၏ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာတွင် ဦးသန့်ဇင်၊ ဒေါ်ရွှေဇင်ထွေး၊ မလင်းလက်ကြယ်စင်သန့် နှင့် မောင်ဘုန်းပြည့်သန့်တို့ ၄ ဦးအားတွေ့ရှိရပြီး စက်ရုံသို့ခေါ်ဆောင်လာခဲ့ရာ မောင်ဖုန်းပြည့်သန့်တွင် ကားမှန်စများ ဝမ်းဗိုက်နှင့် လက်တို့တွင် စိုက်မှန်ဒဏ်ရာများဖြင့် ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်ပြီး ဦးသန့်ဇင်အား မေးမြန်းခဲ့ရာ ၎င်းတို့စီးနင်းမောင်းနှင် လာသည့် မော်တော်ယာဉ်သည် မိုးမောက်မြို့၏ အရှေ့မြောက်ဘက် ၁၂ မိုင်ခန့် အကွာသို့ အရောက်၌ ကေအိုင်အေအဖွဲ့မှ ၎င်းတို့မောင်းနှင်လာသော မော်တော်ယာဉ်အား လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဦးဝင်းထွန်းနိုင်မှ မော်တော်ယာဉ်ပေါ်မှဆင်း၍ “ကျွန်တော်တို့ ဝန်ထမ်းတွေပါ” ဟုပြောသော်လည်း ဆက်လက်ပစ်ခတ်ခဲ့သဖြင့် ကားပေါ်မှ ဆင်း၍ ထွက်ပြေးခဲ့ရာ လူစုကွဲ၍ ဦးဝင်းထွန်းနိုင်နှင့် မမိုးပွင့်ဖြူစင်သန့်တို့ ၂ ဦး ပျောက်ဆုံး လျက်ရှိကြောင်း သိရှိရသည်။
အဆိုပါနေရာတစ်ဝိုက်အား မတ် ၂၇ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ရာ နေ့လယ် ၂ နာရီခွဲခန့်တွင် ဖြစ်စဉ်ဖြစ်ပွားရာ နေရာသို့အရောက်၌ မော်တော်ယာဉ်အနီးတွင် ဦးဝင်းထွန်းနိုင်သည် ဝဲဘက်ညှပ်ရိုးမှ ယာဘက် လက်ပြင်ရိုးအထိ ပေါက်ထွက်ဒဏ်ရာနှင့် ဝဲတင်ပါးအောက်မိုင်းစထိမှန်ဒဏ်ရာဖြင့် လည်းကောင်း၊ မော်တော်ယာဉ်၏ အရှေ့ ပေ ၂၀ ခန့်အကွာတွင် မမိုးပွင့်ဖြူစင်သန့်သည် နောက်စေ့မှ နဖူးဖောက်ထွက်ဒဏ်ရာဖြင့်လည်းကောင်း သေဆုံးနေသည်ကို တွေ့ရှိခဲ့သည်။
ဆက်လက်၍ စစ်ဆေးရှာဖွေမှုများပြုလုပ်ရာ ၎င်းတို့စီးနင်းလိုက်ပါလာသည့် မော်တော် ယာဉ်တွင် လက်နက်ငယ်ကျည်ထိမှန် ၁၀ ချက်ခန့်၊ မိုင်းစထိမှန် ၁၂ ချက်ခန့်၊ ရှေ့လေကာမှန်ကျည်ထိမှန် ၃ ချက်၊ မော်တော်ယာဉ်၏ ရှေ့ ၄ ပေခန့်အကွာတွင် ရီမုမိုင်းဖောက်ခွဲထားရှိသည့် အနက် ၆ ပေခန့်ရှိ ကျင်း ၂ ကျင်း၊ ရီမုမိုင်းထောင်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိခဲ့ပြီး အဆိုပါနေရာနှင့် ပတ်ဝန်းကျင်တစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။