နေပြည်တော်၊ မတ် - ၂၅
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ရှေးဟောင်းသမိုင်းဝင်ကျိုက်သလ္လံစေတီတော်မြတ် ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းတပ်လှူခြင်း၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော် တင်လှူပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေက အနေကဇာတင်ပူဇော်ပွဲမဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစေတီတော်မြတ်ကြီး၌ ပြုလုပ်ရာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မောင်ငံရပ်၊ နတ်မှော်ကျောင်းတိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသုမန အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့်အဖွဲ့ဝင်များ၊ စေတီတော်ဂေါပကအဖွဲ့ဝင်များ၊ စေတနာရှင်အလှူ ရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသူများက နတ်မှော်ကျောင်းတိုက်ဆရာတော်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဥပသကာများက သံဃာတော်များထံ ပရိတ်ရေ၊ ပရိတ်ပန်း၊ ပရိတ်သဲ၊ ပရိတ်ချည်တို့ကို ဆက်ကပ်လှူဒါန်းပြီးနောက် သံဃာတော်များက ရွတ်ပွားသရဇ္ဈာယ်ချိးမြှင့်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်များကို နာယူတော် မူကြသည်။ ထို့နောက် မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တိုင်းမှူးနှင့်တာဝန် ရှိသူများက သံဃာတော်များထံ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် လှူဖွယ်ပစ္စည်း များအား ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် တက်ရောက်လာကြသူများက မော်လမြိုင်မြို့၊ ဇောတိကာရုံစာသင် တိုက် ပဓာနနာယကဆရာတော် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ စန္ဒောဘာသ ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့သည်။
ဆက်လက်၍ မွန်ပြည်နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တိုင်းမှူးနှင့်အလှူရှင် များက စေတီတော်မြတ်ကြီးတွင် တင်လှူပူဇော်မည့် ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တို့အား ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ်(၃)ပတ်လှည့်လည်ပူဇော်၍ မင်္ဂလာရထားပျံဖြင့် စေတီတော်အထွဋ်သို့ တင်လှူပူဇော်ကြပြီး အမွှေးနံ့သာရည်များကို ပတ်ဖျန်းကာ ဇယမင်္ဂလာအောင်ဂါထာတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
၎င်းနောက် ရွှေထီးတော်တင်လှူပူဇော်ပွဲ အောင်မြင်ခြင်းအထိမ်းအမှတ်ဖြင့် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုးခဲ့ပြီးနောက် သံဃာတော်များက ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ကာ ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ်ရွတ်ဆိုဆုတောင်းကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။