မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့်စပ်လျဉ်း၍ ထုတ်ပြန်ချက်များ ထုတ်ပြန်ခဲ့ရသည့်အကြောင်းအရင်း နောက်ခံအခြေအနေများ၊ မဲစာရင်းများစိစစ်ခဲ့သည့်ပုံစံများ၊ ဥပဒေ အချက်အလက်များနှင့် ပတ်သက်၍တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကမီဒီယာများအား တွေ့ဆုံ၍ သတင်းစာရှင်းလင်း

နေပြည်တော်၊ ဇန်နဝါရီ - ၂၆

တပ်မတော်ကထုတ်ပြန်နေသည့် “မဲစာရင်းများအား စိစစ်တွေ့ရှိချက်နှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်”များ ထုတ်ပြန်ခဲ့ရသည့်အကြောင်းအရင်း နောက်ခံအခြေအနေများ၊ မဲစာရင်း များစိစစ်ခဲ့သည့်ပုံစံများ၊ ဥပဒေအချက်အလက်များနှင့် ပတ်သက်၍

တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်၌ သတင်းမီဒီယာများနှင့်တွေ့ဆုံ၍ တပ်မတော်သတင်းစာ ရှင်းလင်းပွဲပြုလုပ်ပြီး သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းချက်များကို ပြန်လည် ဖြေကြားသည်။

ထို့ပြင် မဲစာရင်းများစိစစ်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ဆောင်ပုံလုပ်ငန်း အဆင့်ဆင့်နှင့် ပတ်သက်၍လည်း ပါဝါပွိုင့်၊ အထောက်အထားစာရွက်စာတမ်းများဖြင့် ရှင်းလင်း ပြောကြားခဲ့ပြီး စိစစ်ခဲ့သည့် မြို့နယ်တစ်မြို့နယ်ချင်းအလိုက် မဲစာရင်းပုံစံ(၁)တွင် သာမာန်အားဖြင့် မသိနိုင်သည့် အပြန်အလှန်ပါဝင်နေသောမဲစာရင်းများကို အသေးစိတ်ပြုစုထားသည့် စာအုပ် ၁၂၀၀ အုပ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တိုင်းဒေသကြီးအတွင်းနှင့် ပြည်နယ်အတွင်း မြို့နယ်အချင်းချင်းအပြန်အလှန်စစ်ဆေးမှု Cross Check စာအုပ် ၁၄၁ အုပ်တို့ကိုလည်း လာရောက်သတင်းရယူကြသည့် သတင်းထောက်များလေ့လာ ကြည့်ရှုနိုင်ရေး ခင်းကျင်းပြသ ထားကြောင်းနှင့် ကွန်ပျူတာစနစ်ဖြင့် စစ်ဆေးထားသည်များကိုလည်း သတင်းထောက်များ ကိုယ်တိုင် ၎င်းတို့၏ မှတ်ပုံတင်နံပါတ်နှင့် အချက်အလက်များ ရိုက်ထည့်ကာ စမ်းသပ်စစ်ဆေး ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

အဆိုပါ သတင်းမီဒီယာတွေ့ဆုံပွဲသို့ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ဂျာနယ်များ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများစုစုပေါင်းသတင်းဌာန ၄၀ ခုမှ သတင်းထောက်များလာရောက်တွေ့ဆုံ သတင်းရယူခဲ့ကြကြောင်းနှင့် မေးမြန်းဖြေကြားမှုအပြည့်အစုံအား ဆက်လက်ဖော်ပြသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။