မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာနှင့် ရဲတိုင်ကျေးရွာတို့ရှိ ဒေသခံပြည်သူများအား တွေ့ဆုံအားပေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်   မေ   ၁၃

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ တလုပ်မြို့ကျေးရွာ၌ ဆူပူအကြမ်းဖက် ဆန္ဒပြသူများအား ဖြိုခွဲထိန်းသိမ်းစဉ် လုံခြုံရေးတပ်ဖွဲ့ဝင် ၆ ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆူပူအကြမ်းဖက်သူ အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၁ ဦးတို့အား ဆူပူအကြမ်းဖက် ရာတွင် အသုံးပြုသည့် လက်နက်/ခဲယမ်း၊ ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ သည့် သတင်းကို မေ ၁၂ ရက်တွင် ထုတ် ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်များကြောင့်  ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုး ရေးကို လိုလားသည့် ကျေးရွာနေပြည်သူအချို့ သည် စိုးရိမ်ထိတ်လန့်ပြီး ကျေးရွာမှ ရှောင် တိမ်းနေသည်ကို သိရှိရသဖြင့် ယနေ့နေ့လယ်ပိုင်းတွင်  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် အဖွဲ့ဝင်များက တလုပ်မြို့ကျေးရွာနှင့် ရဲတိုင်ကျေးရွာတို့သို့ သွားရောက်၍ ကျေးရွာအတွင်း ကျန်ရှိသော ဒေသခံပြည်သူများအား တွေ့ဆုံကာ ကျေးရွာများအတွင်း လုံခြုံရေး ဆောင်ရွက်ပေးထားမှု အခြေအနေများကို ရှင်းလင်းပြောကြားကာ အားပေးစကား ပြောကြားသည်။ ထို့နောက် ကျေးရွာရှိ သက်ကြီးဘိုးဘွားများအား တိုင်းစစ်ဌာနချုပ်မှ ဆေးအဖွဲ့များက ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေး သည်။

ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည်  ရဲတိုင်ကျေးရွာရှိ  မဟာဝိသုဒ္ဓါရုံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေသရအား ဖူးမြော်ပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့ပြင် လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် မြင်းခြံမြို့မှ တလုပ်မြို့နှင့် ပတ်ဝန်းကျင် ကျေးရွာများသို့ လျှပ်စစ်မီး ဖြန့်ဝေပေးနေသော  တလုပ်မြို့ကျေးရွာအဝင်ရှိ ဓာတ်မီးတိုင်များအား မြင်းခြံမြို့နယ် လျှပ်စစ်ရုံးမှ ဝန်ထမ်းများဖြင့်    ပြန်လည် ပြုပြင်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။