မြင်းမူမြို့၌ ဆန္ဒပြလူအုပ်စုမှ ဖမ်းဆီးရိုက်နှက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရှိ

မြင်းမူမြို့၌ ဆန္ဒပြလူအုပ်စုမှ ဖမ်းဆီးရိုက်နှက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရှိ

နေပြည်တော်၊ မတ်လ ၃ ရက်
    
၂၀၂၁ ခုနှစ်၊ မတ်လ ၃ ရက် ၁၁ နာရီ ၁၀ မိနစ်အချိန်တွင် မြင်းမူမြို့မရဲစခန်းမှ ဒုရဲအုပ် ဇေယျာလင်း သည် ယာဉ်တိုက်မှုမှ ရဲဆေးစာစစ်ဆေးပြန်ကြားချက် ထုတ်ယူရန်အတွက် မုံရွာမြို့၊ အမှတ်(၄)တပ်မတော်ဆေးရုံ(ခုတင် ၃၀၀)သို့ သွားရောက်စဉ် ထန်းတောရပ်ကွက်အရောက်၌ ဆူပူ အော်ဟစ်ဆန္ဒပြသူလူအုပ်စုက ဖမ်းဆီးချုပ်နှောင်၍ ထန်းတောရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ချုပ် နှောင်ကာ ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်လျက်ရှိကြောင်း သိရှိရသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ သွားရောက်၍ ပြန်လည်ခေါ်ဆောင်ခဲ့ရပါသည်။
    
ဖြစ်စဉ်တွင် ဆူပူအော်ဟစ်ဆန္ဒပြသူများ၏ ဝိုင်းဝန်းရိုက်နှက်ထိုးကြိတ်မှုကြောင့် ဒုရဲအုပ် ဇေယျာလင်း တွင် ဦးခေါင်းချိုစောင်း/ ပါး/ နှာခေါင်းပေါက်ပြဲ၊ မျက်ခုံးဖူးယောင်၊ ဝမ်းဗိုက်ညိုမဲ ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့သည့်အတွက် မုံရွာမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိပါသည်။
    
ဖြစ်စဉ်နှင့်ပတ်သက်၍ တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းအား မတရားဖမ်းဆီး ချုပ်နှောင်ရိုက်နှက်ခဲ့သူများအား စုံစမ်းဖော်ထုတ်လျက်ရှိပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်သွားရန်စီစဉ်ထားရှိကြောင်း သိရှိရပါသည်။