မြစ်ကြီးနားမြို့နယ်နှင့် မိုးညှင်းမြို့နယ်အတွင်း KIA အဖွဲ့က အကြမ်းဖက်လုပ်ရပ်များ ဆောင်ရွက်

 

နေပြည်တော်၊ ဧပြီ - ၁၇
 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်သို့ ယနေ့နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် KIA အဖွဲ့က ရှထောင်ကျေးရွာ၏အနောက်မြောက်ဘက် မီတာ ၅၀၀ ခန့်အကွာရှိ တောင်ကုန်းပေါ်မှ ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရှော့တိုက် ဒုံး ၃ လုံးသည် နယ်မြေခံတပ်အနီးသို့လည်းကောင်း၊ ရှော့တိုက်ဒုံး ၁ လုံး သည် အောက်မော်ဖောင်းကျေးရွာအတွင်းသို့ လည်းကောင်း အသီးသီးကျရောက် ပေါက်ကွဲခဲ့သည်။
 

အဆိုပါ ရှော့တိုက်ဒုံးကျရောက်ပေါက်ကွဲမှုကြောင့် အောက်မော်ဖောင်းကျေးရွာ ရှိ ဦးဆွမ်ဆေးဂုံ ၏ နေအိမ်မီးဖိုးချောင် သွပ်အမိုး နှင့်ထရံများ ပျက်စီးခဲ့ပြီး၎င်း၏ ယာဘက် ကျောကုန်းနှင့် တင်ပါးတို့တွင် လက်နက်ကြီးစထိမှန် ဒဏ်ရာများရရှိခဲ့ သဖြင့် မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိ သည်။

ထို့ပြင် မန္တလေးမြို့မှ ဖားကန့်မြို့ဘက်သို့ စက်သုံးဆီနှင့် စားသောက်ကုန်ပစ္စည်း များ ပို့ဆောင်ရန်သွားရောက်သည့် ဦးအောင်ကို(ဘ)ဦးထွန်းကြိုင် မောင်းနှင်၍ ဦးဝေဖြိုးဦး(ဘ)ဦးဂျပန် လိုက်ပါလာသော NISSAN DIESEL အမျိုးအစား ၁၂ ဘီး ယာဉ်သည် ယနေ့နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မိုးညှင်းမြို့၊ မော်ဟဲကျေးရွာ အဝင်သို့ အရောက်၌ KIA အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ဦးအောင်ကို နှင့် ဦးဝေဖြိုးဦး တို့တွင် လက်နက်ငယ်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်၏ ရှေ့လေကာမှန် နှင့် ယာဘက်ရှေ့ဘီးတို့တွင် လက်နက်ငယ်ကျည်များ ထိမှန်ပျက်စီးခဲ့ပြီး လက်နက် ငယ်ကျည်ထိမှန် ဒဏ်ရာရရှိသူများအား မြစ်ကြီးနားမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစဉ် ဦးအောင်ကို မှာ ရရှိဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်။
 

အဆိုပါ ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နယ်မြေများအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးလုပ်ငန်းများ တိုးမြင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။