မြစ်ကြီးနားမြို့နယ်၌ ရဲတပ်ဖွဲ့လှည့်ကင်းဆောင်ရွက်စဉ် လေးဂွဖြင့်ပစ်ခတ်သူ(၂)ဦးအား ဖမ်းဆီးရမိ
နေပြည်တော်၊ မတ်လ ၄ ရက်
၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ရဲတပ်ဖွဲ့ပိုင် မီးတန်းယာဉ်ဖြင့် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်စဉ် မြစ်ကြီးနားမြို့၊ ကြက်ပေါင် ခြံရပ်ကွက်၊ နယ်မြေ(၁) ကျောက်ကြမ်းလမ်းအရောက်၌ အောင်ဟိန်းပိုင်(ခ) မိုဟာမက်၊ ၂၁ နှစ်၊ (ဘ)ဦးတင်နိုင်၊ အေးမြသာယာရပ်ကွက်၊ မြစ်ကြီးနာမြို့နေသူနှင့် တူးတူးခွပ်၊ ၁၉ နှစ်၊ (ဘ)ဦးအင်စွမ်ယုံ၊ (၂)ရပ်ကွက်၊ မြစ်ကြီးနားမြို့နေသူတို့ (၂)ဦးမှ လေးဂွများဖြင့် ပစ်ခတ် ခဲ့သဖြင့် ရဲတပ်ဖွဲ့ပိုင်မီးတန်းယာဉ်၏ အမိုးတွင်တပ်ဆင်ထားသည့် အရေးပေါ်မီးတန်းဝဲဘက် (တန်ဘိုးငွေစိစစ်ဆဲ) ကွဲအက်ပျက်ဆီးခဲ့ပါသည်။
ရဲတပ်ဖွဲ့ပိုင်မီးတန်းယာဉ်အား လေးဂွများဖြင့်ပစ်ခတ်ဖျက်ဆီးသူ အောင်ဟိန်းပိုင်(ခ) မိုဟာမက်နှင့် တူးတူးခွပ် တို့(၂)ဦးအား မြစ်ကြီးနားနယ်မြေရဲစခန်း၌ ဖမ်းဆီးထိန်းသိမ်းထား ရှိပြီး ဥပဒေနှင့်အညီအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါ သည်။