မြန်မာတိုက်ကွမ်ဒိုအဖွဲ့ ဇန်နဝါရီလအတွင်း စခန်းသွင်းလေ့ကျင့်မည်

 

ယခုနှစ်အတွင်း ယှဉ်ပြိုင်မည့် ဗီယက်နမ်ဆီးဂိမ်းနှင့် နိုင်ငံတကာ တိုက်ကွမ်ဒို ပြိုင်ပွဲတို့အတွက် မြန်မာတိုက်ကွမ်ဒိုအဖွဲ့ အနေဖြင့် ဇန်နဝါရီလအတွင်း စခန်းသွင်း လေ့ကျင့်မှုများ  ပြုလုပ်မည်ဖြစ်ကြောင်း  မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်၏ နည်းပြချုပ် ဦးကျော်သန်းဦးကပြောသည်။

အဆိုပါစခန်းသွင်းလေ့ကျင့်မှုကို နေပြည်တော်၌ပြုလုပ်ရန် စီစဉ်ထားပြီး ပဏာမ လက်ရွေးစင် ကစားသမား ၂၀ ဝန်းကျင်ဖြင့် လေ့ကျင့်ရန် စီစဉ်ထားသည်။

“ဆီးဂိမ်းအတွက်   ရည်ရွယ်ပြီးတော့  ဇန်နဝါရီလအတွင်း စခန်းသွင်းလေ့ကျင့်မှု လုပ်ဖို့ စီစဉ်နေတယ်။ ပဏာမကစားသမား  ၂၀ ဦးလောက်ပါမယ်။   ဆီးဂိမ်းအတွက်  လေ့ကျင့်ပြင်ဆင်မှုတွေတောက်လျှောက် လုပ်သွားမှာပါ။ ဒီကြားထဲမှာ ပြည်တွင်း၊ ပြည်ပအွန်လိုင်းဖိတ်ခေါ်ပြိုင်ပွဲတွေ ဝင်ပြိုင်မယ်။    အရှေ့တောင် အာရှ  အွန်လိုင်း တိုက်ကွမ်ဒိုပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပဖို့ရှိမယ်။ နိုင်ငံတကာပြိုင်ပွဲတချို့ကိုလည်း  ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်မှာပါ။ ဒါ့ပြင် အခွင့်အရေးရခဲ့မယ်ဆိုရင် ပြည်ပကို လေ့ ကျင့်ရေးခရီးစဉ် စေလွှတ်ဖို့ရှိပါတယ်” ဟု  ဦးကျော်သန်းဦးကပြောသည်။

(၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ  အားကစားပြိုင်ပွဲ(ဆီးဂိမ်း)ကို နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပမည်ဖြစ်သည်။ မြန်မာတိုက်ကွမ်ဒိုအဖွဲ့သည် ၂၀၁၉ ဖိလစ်ပိုင်ဆီးဂိမ်းတွင်  ကြေးတံဆိပ်ဆု လေးခုရရှိခဲ့ကြောင်း သိရသည်။

ကိုရဲ